ရန်ကုန်၊ ဇွန် ၂၇
ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့တွင် အကြမ်းဖက် စစ်တပ်နှင့် ပူပေါင်းပြီး လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးခြင်း၊ ငွေညှစ်ခြင်းများ လုပ်ဆောင်နေသော စစ်တပ် သတင်းပေး အေးကျော် ပစ်ခတ် ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ဘုရားသုံးဆူမြို့ပေါ်၌ စစ်တပ် သတင်းပေး အေးကျော်သည် မယားဖြစ်သူနှင့် ဆိုင်ကယ်စီး၍ သွားလာနေစဉ် ဥဒေါင်းကန်အနီးတွင် အမည်မသိ သေနတ်သမားများက ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ပွဲချင်းပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်တပ် သတင်းပေး အေးကျော်သည် ဘုရားသုံးဆူမြို့တွင် အကြမ်းဖက် စစ်တပ် အပြင် BGF ၊ DKBA အဖွဲ့များနှင့် ပူပေါင်းပြီး လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးခြင်း၊ ငွေညှစ်ခြင်းများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ ထို့ပြင် မူးယစ်ဆေးဝါး ရောင်းဝယ် သယ်ဆောင်ခြင်းများ အပြင် တော်လှန်ရေး တပ်ဖွဲ့များ၏ သတင်းများကို စစ်တပ်ထံ ပို့ဆောင်နေသူဖြစ်ကြောင်း သိရှိရသည်။
“အဲကောင်က အစုံလုပ်တယ်။ စစ်ခွေးဂိတ်မှာ တော်တော်လေးကို အာဏာရထားတာ လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးတယ် ငွေညှစ်တယ်။ မူးယစ်ဆေးဝါးလည်း ရောင်းဝယ်လုပ်တယ်။ တော်လှန်ရေး တပ်ဖွဲ့တွေရဲ့ သတင်းတွေကိုလည်း စစ်ခွေးတွေဆီ နေ့တိုင်း ပို့နေတဲ့ကောင်ပါ” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို မည်သည့် အဖွဲ့က လုပ်ဆောင်သည်ကို မသိရှိရသေးဘဲ ဖြစ်စဉ် အသေးစိတ် သိရှိနိုင်ရန် ရန်ကုန်ခေတ်သစ် သတင်းဌာနက ဆက်သွယ် မေးမြန်းလျက်ရှိသည်။




