26.9 C
Yangon

စစ်လော်ဘီ ကျော်မျိုးမင်းကို စစ်တပ်က ဖမ်းဆီးထားပြီး ခေါ်ယူမေးမြန်းသည့်အဆင့်ဖြင့်သာ ပြန်လွှတ်ပေးရန် မဘသ အစွန်းရောက်ပေါက်ဘုန်းကြီး အပါအဝင် စစ်လော်ဘီအုပ်စုက တောင်းဆို

Must read

ရန်ကုန်၊ ဇွန် ၂၈

လူမှုကွန်ရက်ပေါ်တွင် ကြံ့ဖွတ်ပါတီမှ ဘူးလက်လှဆွေနှင့် အပြန်အလှန် အငြင်းပွားခဲ့သည့် စစ်လော်ဘီ ကျော်မျိုးမင်းမှာ စစ်တပ်၏ ဖမ်းဆီးမှုခံထားရပြီး ခေါ်ယူမေးမြန်းသည့်အဆင့်ဖြင့် ပြန်လွှတ်ပေးရန် မဘသ အစွန်းရောက် ပေါက်ဘုန်းကြီး အပါအဝင် စစ်လော်ဘီအသိုင်းအဝိုင်းက တယ်လီဂရမ်ချန်နယ်များမှတစ်ဆင့် တောင်းဆိုနေကြသည်။

ကျော်မျိုးမင်းသည် ဇွန်လ ၂၃ ရက်နေ့ကတည်းက အဆက်အသွယ်ပြတ်တောက်ခဲ့ပြီး ယနေ့ ဇွန်လ ၂၈ ရက်နေ့အထိ သူ၏ NP News တယ်လီဂရန်လူမှုကွန်ရက်စာမျက်နှာများတွင် ဝေဖန်သုံးသပ်ချက် ဗီဒီယိုများ ရိုက်ကူးနိုင်ခြင်းမရှိတော့ပေ။

မဘသ အစွန်းရောက် အမည်ခံ အရေခြုံ သင်္ကန်းဝတ် ပေါက်ဘုန်းကြီးဆိုသူက ကျော်မျိုးမင်းကို ဖမ်းဆီးထားခြင်း(သို့မဟုတ်) သက်ဆိုင်ရာက ခေါ်ယူမေးမြန်းနေသည့် အခြေအနေ ဖြစ်ကြောင်း ပြောဆိုထားသည်။

“ကိုကျော်မျိုးမင်း ဘယ်ကိစ္စနဲ့ ငြိသွားလို့ ခေါ်ယူမေးမြန်းတယ်ဆိုတာတော့ မပြောတတ်ဘူး။ ခေါ်ယူမေးမြန်းတဲ့အဆင့်လောက်ပဲ ရှိမယ်လို့ သုံးသပ်တယ်။ မနေ့က သူနဲ့ နီးစပ်တဲ့ ဒကာမတစ်ယောက်ကို ဆက်သွယ်မေးကြည့်တော့ ရုံးဘက်က ဘာသတင်းမှ မကြားရဘူးလို့ ပြောတယ်။ အဲဒါကြောင့် ဖမ်းဆီးတာထက် ခေါ်ယူစစ်ဆေးတဲ့အဆင့် ဖြစ်နိုင်တယ်” ဟု ၎င်းက ပြောဆိုထားသည်။

ကျော်မျိုးမင်းသည် မကြာသေးမီက တရုတ်နိုင်ငံက မြန်မာနိုင်ငံဘက်အခြမ်း မူဆယ်နယ်စပ်တွင် ခြံ စည်းရိုးတိုးချဲ့ကာရံသည့် ကိစ္စနှင့်ပတ်သက်၍ “လွှတ်တော်အမတ်တွေ ဘာလုပ်နေလဲ” ဟု လူမှုကွန် ရက်တွင် မေးခွန်း ထုတ်ခဲ့ရာ ကြံ့ဖွတ်ပါတီမှ ဘူးလက်လှဆွေက “တောင်မရောက် မြောက်မရောက် သတင်းထောက်” ဟု ပြန်လည်ဝေဖန်ခဲ့ပြီး လွှတ်တော်အမတ်များကို စော်ကားသည်ဟုဆိုကာ အရေးယူမည်ဟု ပြင်း ပြင်းထန်ထန် တုံ့ပြန်ခဲ့သည်။

လွှတ်တော်အမတ်များကို ဝေဖန်လိုပါက စစ်လော်ဘီ ကျော်မျိုးမင်းနှင့်ကျော်စိုးဦး အပါအဝင် သတင်းထောက်ဆိုသူများအနေဖြင့် လွှတ်တော်ထဲသို့ ရောက်အောင် ကြိုးစာသင့်ကြောင်း ဘူးလက်လှဆွေက ထုတ်ဖော်ပြောဆိုခဲ့သည်။

စစ်လော်ဘီ ရွှေမျိုးဝင်းကလည်း ကျော်မျိုးမင်းကို စစ်တပ်က ဖမ်းဆီးခြင်းမှာ မှားယွင်းသည့် လုပ်ရပ်ဖြစ်ကြောင်း ဝေဖန်ထားပြီး ကျော်မျိုးမင်း၏ သတင်းတင်ဆက်မှုများကို ထောက်ခံအားပေးသူ များပြားကြောင်း၊ စစ်တပ်အနေဖြင့် မိမိဘက်တော်သားများကို ဖမ်းဆီးအရေးယူနေခြင်းကြောင့် ထောက်ခံသူများ ဆုံးရှုံးလာနိုင်သဖြင့် ကျော်မျိုးမင်းကို ပြန်လွှတ်ပေးရန် လူမှုကွန်ရက်တွင် ရေးသားတောင်းဆိုထားသည်။

“ကိုကျော်မျိုးမင်းကို ဖမ်းတာကတော့ အစိုးရ အရမ်းမှားသွားပြီ။ သူ့ရဲ့ သတင်းတင်ဆက်မှုတွေကို လူအများက ထောက်ခံနေကြတယ်။ အခုလို အညွန့်ချိုးလိုက်တာက မကောင်းဘူး။ အခုတော့ ကိုယ့်ဘက်က လူတွေကိုတောင် ဖမ်းနေပြီ။ ကိုကျော်မျိုးမင်း၊ ဇော်ဖုန်းဟိန်း၊ မင်းအုပ်စိုးတို့ပြီးရင် နောက် ထပ်လည်း ရှိလာနိုင်တယ်။ ဒီလိုသာ ဆက်လုပ်နေရင် ကိုယ့်ဘက်သားတွေတောင် တခြားဘက်ကို ရောက်သွားလိမ့်မယ်” ဟု စစ်လော်ဘီ ရွှေမျိုးဝင်းက ရေးသားဝေဖန်ထားသည်။

လက်ရှိအချိန်အထိ ကျော်မျိုးမင်း ဖမ်းဆီးခံထားရခြင်းနှင့် ပတ်သက်၍ စစ်တပ်က တရားဝင် သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

ကျော်မျိုးမင်း ပိုင်ဆိုင်သော NP News ကမူ ကျော်မျိုးမင်းအနေဖြင့် ဇွန်လ ၂၃ ရက်နေ့မှ ဇွန် ၂၇ ရက်နေ့အထိ သတင်းဗီဒီယိုများ မတင်ဆက်နိုင်ဘဲ သူနှင့်ပတ်သက်၍ မေးခွန်းများ မမေးခြင်းဖြင့် ကူညီကြရန် သတင်းထုတ်ပြန်ထားသည်။

“ကိုကျော်မျိုးမင်း (ခ) ကိုကျော်နုသည် ယနေ့ ဇွန်လ(၂၇) ရက်တွင်လည်း ရုပ်သံတင်ဆက်နိုင်ခြင်းမရှိသေးသည့်အတွက် ရုပ်သံပြန်လည်တင်ဆက်မည့်နေ့ရက်ကို သည်းခံစောင့်ဆိုင်းပေးခြင်းဖြင့် ကူညီပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ အခြားမလိုလားအပ်သောမေးခွန်းများ မမေးခြင်းဖြင့် ကူညီပေးကြပါရန် လေးစားစွာအသိပေးပါရစေ” ဟု ယမန်နေ့ညပိုင်း သတင်းထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်တပ်က စစ်လော်ဘီများဖြစ်သော ကျော်မျိုးမင်း၊ ကျော်စိုးဦး၊ မဘသအစွန်းရောက် အရေခြုံ သင်္ကန်းဝတ် ပေါက်ဘုန်းကြီး အပါအဝင် စစ်လော်ဘီများကို စစ်တပ်အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်မှုများ လုပ်ဆောင်လာသည့် အခါတိုင်း မကြာခဏဆိုသလို ခေါ်ယူမေးမြန်းကာ ရက်အနည်းငယ်အကြာမှ ပြန်လည် လွှတ်ပေးမှုများ မကြာခဏ လုပ်ဆောင်လေ့ရှိသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article