ရန်ကုန်၊ ဇွန် ၂၈
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ပေကုန်းရွာအနီး ပေလမ်းပေါ်တွင် PDF အယောင်ဆောင်ကာ စစ် ဆေးပိုက်ဆံတောင်းနေသည့် စစ်သားများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ပကဖ မှတာဝန်ရှိသူက ရန်ကုန် ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
ဇွန်လ ၂၇ ရက် ညနေ ၆ နာရီအချိန်ခန့်တွင် ရေစကြိုမြို့ပေါ်မှ ထွက်လာသော အင်အား ၄၅ ဦး ခန့် သည် ရေစကြိုမြို့နှင့် ၁ မိုင်ခွဲခန့်ရှိ ပေကုန်းကျေးရွာသို့ ရောက်ရှိကာ ယာယီ စခန်းချ နေခဲ့ကြောင်း၊ ယင်းစစ်သားများအနက် ၇ ဦးခန့်သည် ပေကုန်းရွာ ဘောလုံးကွင်းထိပ် ပေလမ်းပေါ်တွင် PDF ယူနီးဖောင်းများ ဝတ်ဆင်ကာ အယောင်ဆောင်ပြီး လမ်းသွားလမ်းလာများကို စစ်ဆေးပိုက်ဆံ တောင်းနေခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက အနီးကပ်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ် သား ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“အဲဒီရွာမှာ တပ်စွဲတာတော့မဟုတ်ဘူး။ မြို့နဲ့တပ်ရဲ့ ကြားထဲကရွာဆိုတော့ သူတို့တပ်ကို ပြန်ရင်းနဲ့ အဲဒီရွာမှာ ညအိပ်တာ၊ ညမအိပ်ခင် ညနေလောက်မှာ ၇ ယောက်လောက်က ရေစကြိုနဲ့တပ်နဲ့ကူးတဲ့ ပေလမ်းဘက်ကို ထွက်ပြီးတော့ PDF အယောင်ဆောင် စစ်ဆေးနေတာ၊ PDF ယူနီဖောင်းတွေ ဝတ် ဆင် ထားတယ်။ အခုနောက်ပိုင်း အဲဒီလိုတွေလုပ်လာနေတာ။ အဲဒါကို ကျနော်တို့တွေက အလစ်ဝင် ပြီးတော့ အနီးကပ်တိုက်ခိုက်ခဲ့တာ” ဟု ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ပကဖမှ တာ ဝန်ရှိသူက ရန်ကုန် ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်(ပ.က.ဖ)နှင့်အတူ ပခုက္ကူခရိုင် တပ်ရင်းအမှတ် ၉ တို့မှ ရဲဘော်များ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်တွင် စစ်ကောင်စီတပ်မှ စစ်မှုထမ်းတပ်သားတစ်ဦး လက်နက်ခဲယမ်း များယူဆောင်ပြီး အလင်းဝင်ခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။
ဇွန်လ ၂၇ ရက်နေ့က ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ခလယ်လွီထူ(ညောင်လေးပင်) ခရိုင်အတွင်း တာဝန်ကျနေသော ခမရ ၅၉၆ တပ်ရင်းမှ အသက် ၂၃ နှစ်အရွယ် တပ်သား ပြည့်စုံအောင်သည် MA-1 အမျိုးအစား သေနတ် ၁ လက်၊ ကျည်အိမ် ၃ ခု၊ လက် ပစ်ဗုံး ၁ လုံးနှင့် ကျည်ဆံ အတောင့် ၂၀၀ တို့ကို ယူဆောင်၍ KNDO တပ်ရင်း ၃ ထံ အလင်းဝင် ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလင်းဝင်ရောက်ခဲ့သည့် တပ်သား ပြည့်စုံအောင်သည် အာဏာသိမ်းအကြမ်းဖက်စစ်တပ်၏ အတင်း အဓမ္မ စစ်မှုထမ်းစေခိုင်းခံရသူဖြစ်ပြီး လက်နက်နှင့်အတူ အလင်းဝင်ရောက်လာသည့်အတွက် ခလယ် လွီထူခရိုင် မှ ဆုတော်ငွေ ကျပ် ၁၀ သိန်းတိတိ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း အသိပေးထားသည်။
အာဏာသိမ်းအကြမ်းဖက်စစ်တပ်အတွင်း မိမိဆန္ဒမပါဘဲ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံနေရသည့် တပ်သား၊ တပ်ဖွဲ့ဝင်များအနေဖြင့် မိမိတို့၏ အသက်အန္တရာယ်နှင့် အနာဂတ်ကို ကာကွယ်နိုင်ရန် နီး စပ် ရာ တော်လှန်ရေးတပ်ဖွဲ့များထံသို့ အလင်းဝင်ရောက်ကြရန် KNU ဗဟိုက တိုက်တွန်းထားသည်။
ဇွန်လ ၁၅ ရက်နေ့မှ ၂၁ ရက်နေ့အထိ ပြည်သူ့ပန်းတိုင်းအဖွဲ့၏ ထုတ်ပြန်ချက်အရ အလင်းဝင်ပူးပေါင်းနှင့် လက်နက်ချ၊ စစ်သုံ့ပန်း စစ်သား၊ ရဲနှင့် ပြည်သူ့စစ် စုစုပေါင်း ၉၇ ဦးရှိပြီဖြစ်ကြောင်း သိရသည်။





