ရန်ကုန်၊ ဇွန် ၂၉
ကချင်ပြည်နယ်၊ မိုးကောင်းမြို့တွင် ပြည်သူက ရွေးချယ်ထားသော အုပ်ချုပ်ရေးမှူးကို ဖမ်းဆီးသည့် ပြည်သူ့စစ်ခေါင်းဆောင် တင်မိုးအား နေပြည်တော် တိုင်းစစ်ဌာနချုပ် အမိန့်ဖြင့် စစ်တပ်က ဖမ်းဆီး သွားကြောင်း ဒေသသတင်း ရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဇွန်လ ၂၅ ရက်နေ့က မိုးကောင်းမြို့၊ ပြည်ထောင်စုလမ်းကြီးဘေးရှိ ကျွန်းတောရပ်ကွက်တွင် အုပ်ချုပ် ရေးမှူးရွေးချယ်ခဲ့ရာ ပြည်သူ့စစ်ခေါင်းဆောင်ပိုင်းတစ်ဦးဖြစ်သူ၏ ဇနီးဖြစ်သူ ဒေါ်ထွေးထွေးနှင့် ရပ် ကွက်အတွင်းနေထိုင်ပြီး ရပ်ကွက်၏ သာရေး၊ နာရေးမှအစ လူမှုရေးလုပ်ဆောင်ပေးနေသူ အသက် ၅၈ နှစ်အရွယ် ဦးစိန်ကျော်လှိုင်တို့ ဝင်ရောက်ရွေးချယ်ခံခဲ့ကြရာ ရပ်ကွက်နေသူပြည်သူများက ရပ် ကွက်အကျိုးသယ်ပိုးနေသူ ဦးကျော်စိန်လှိုင်ကို ထောက်ခံမဲပေးရွေးချယ်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ အနိုင်ရရှိမှုကို မကျေနပ်သည့် ဒေါ်ထွေးထွေး၏ ခင်ပွန်းဖြစ်သူ ပြည်သူ့စစ်ခေါင်းဆောင် တင် မိုးက ဦးကျော်စိန်လှိုင်၏ နေအိမ် အတွင်းသို့ ဇွန်လ ၂၆ ရက် ည ၁ နာရီအချိန်တွင် လူအင်အားဖြင့် ဝင်ရောက်စီးနင်းပြီး နေအိမ် တံခါးများကို ရိုက်ချိုးဖျက်ဆီးကာ ဦးကျော်စိန်လှိုင်ကိုလည်း ရိုက်နှက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
ထို့ကြောင့် ပြည်သူ့စစ်ခေါင်းဆောင် တင်မိုးနှင့် ဇနီးဖြစ်သူကို စစ်ကောင်စီလက်အောက်ခံ နေပြည် တော်တိုင်းစစ်ဌာန ချုပ်အမိန့်ဖြင့် ခရိုင်စစ်တပ်က ဇွန်လ ၂၈ ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း၊ ဇနီးဖြစ် သူ ဒေါ်ထွေထွေးမှာ ယနေ့ ဇွန်လ ၂၉ ရက်နေ့တွင် အာမခံပြန်လွှတ်ပေးသော်လည်း တင်မိုးကို ဆက် လက်ဖမ်းဆီး စစ်ဆေးနေကြောင်း သိရသည်။
“သူတို့အဖွဲ့အစည်းတွေကို နာမည်ဖျက်တယ်ဆိုပြီး နေပြည်တော်ကနေ အကြီးအမှူးတွေ ဆင်း လာပြီး လင်မယားနှစ်ယောက်စလုံး လာဖမ်းသွားတာ၊ ဒေါ်ထွေးကိုတော့ အရင်အုပ်ကြီးဟောင်း ခင်အောင်က အာမခံနဲ့ ခေါ်ထုတ်ပေးထားတယ်။ သူက အရင် သက်သက်ခိုင်ရဲ့ ပါတီဝင်သေးတာ၊ ၁၉၉၀ လောက်က ကြံခိုင်ရေးပါတီဝင် ရပ်ကျေးလူကြီး။ အမှုအခင်းမှာ ဒေါ်ထွေးထွေး မပါဝင်ဘူး။ သူ့အမျိုးသားနဲ့အဖွဲ့ပဲ လုပ်တာဆိုပြီး အာမခံရသွားတဲ့သဘောပါ။ အုပ်ကြီးဟောင်း ခင်အောင်က လည်း သူ့တပည့်ရင်းဆိုတော့ လိုက်အာမခံပေးတာ” ဟု ဒေသသတင်း ရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ ပြည်သူ့စစ်ခေါင်းဆောင် တင်မိုးသည် စစ်ကောင်စီပူးပေါင်းပြီး ပြည်သူ့စစ်လုပ်ဆောင်မှု ကြောင့် ၂၀၂၂ ခုနှစ်တွင် KIA တပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံခဲ့ရဖူးပြီး ပြန်လည်လွတ်မြောက်လာသူဖြစ် ကြောင်း သိရသည်။




