ရန်ကုန်၊ ဇွန် ၃၀
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ ရွှေကူ-ငါးအိုး လမ်းပိုင်းကို တော်လှန်ရေးတပ်ကပိတ်ဆို့ထားပြီး အကြမ်းဖက် စစ်တပ် စစ်ကြောင်းများနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇွန်လ ၃၀ ရက်နေ့မှ စတင်ပြီး ရွှေကူ-ငါးအိုး လမ်းပိုင်းကို တော်လှန်ရေးတပ်က ၃ ပိုင်းဖြတ်၍ ပိတ်ဆို့ထားလိုက်ခြင်းဖြစ်ပြီး စစ်ကြောင်းထိုးလာသော စစ်တပ်နှင့်လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထို့ပြင် ရေကြောင်းမှ တက်လာမည့် အကြမ်းဖက် စစ်တပ်၏ စစ်သင်္ဘောများကိုလည်း တော်လှန်ရေး တပ်က ဖြတ်တောက် ပိတ်ဆို့ နိုင်ရန် ပြင်ဆင်ခြင်းဖြစ်နိုင်ကြောင်း၊ လက်ရှိချိန်ထိ စစ်တပ်က ရွှေကူ-ငါးအိုး လမ်းပိုင်းကို ထိန်းချုပ်နိုင်ရေး စစ်ကြောင်းထိုးနေသော်လည်း အကြိမ်ကြိမ် ပြန်လည် ဆုတ်ခွာနေရကြောင်း သိရှိရသည်။
“ရွှေကူ-ငါးအိုး လမ်းပိုင်းကို တော်လှန်ရေးတပ်ဘက်က လမ်းကြောင်း ၃ ကြောင်းခွဲပြီး ထိန်းချုပ်လိုက်ပြီး ဆိုတဲ့သဘော မြေပြင်က ထိုးလာတဲ့ကောင်တွေကို အရင်ပစ်မှတ်ထား ပိတ်ဆို့နိုင်မှ ရေကြောင်းလမ်းကို နိုင်နိုင်နင်းနင်း ထိရောက်စွာ လုပ်ဆောင်နိုင်မှာပါ။ မြေပြင် စစ်ခွေး စစ်ကြောင်းနဲ့က ထိတွေ့မှုအဆင့်ပါပဲ တက်မလာရဲပါဘူး” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။
ဇွန်လ ၂၇ ရက်နေ့ကလည်း မန္တလေးမြို့၊ ဂေါ်ဝန်ဆိပ်ကမ်းမှ ကမ်းထိုးသင်္ဘော ၁ စီးနှင့် တိုက်ခိုက်ရေး သင်္ဘော ၁ စီးတို့သည် ဗန်းမော်ဘက်ကို ဆန်တက်နေပြီး ထို စစ်သင်္ဘောများသည်ဂေါ၀န်ဆိပ်ကမ်းမှ ထွက်ခွာမည့် စစ်ကူ သင်္ဘောအစီးရေ ၂၀ ခန့် ဗန်းမော်မြို့သို့ သွားရောက်နိုင်ရေး ရှေ့ပြေးချီတက်လာနေခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ဇွန်လ ၁၅ ရက်နေ့ကလည်း မဘိမ်းမြို့နယ်၊ ငအိုးရွာမှ ရွှေကူမြို့သို့ ဦးတည်လာသည့် အကြမ်ဖက် စစ်တပ်စစ်ကြောင်းကိုလည်း KIA တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ ငါးအိုးကျေးရွာ အနီး ရှိ သုံးခွဒေသတွင် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ ထို့ပြင် ရွှေကူမြို့မှ ဗန်းမော်ဘက်သို့ ဆက်လက် ထွက်ခွာလာသည့် စစ်တပ် စစ်ကြောင်းကိုလည်း ရွှေကူမြို့အထက် ၄ လမ်းဆုံအနီးတွင် KIA တော် လှန်ရေး ပူးပေါင်း တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။




