ရန်ကုန်၊ ဇွန် ၃၀
နေပြည်တော်၊ လယ်ဝေးမြို့နယ်တွင် အုပ်ချုပ်ရေးမှူးများနှင့် ရဲများကို တစ်ပတ်လျှင် ငွေကျပ် သိန်း ၇၀ ပေး၍ လောင်းကစားဝိုင်းများ၊ မူးယစ်ဆေး ရောင်းချမှုများ ပြုလုပ်နေပြီး ပြည်သူများ တိုင်ကြားသော်လည်း အရေးယူမှုမရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
လယ်ဝေးမြို့နယ်၊ ခေတ်အေးရွာတွင် လောင်းကစားဒိုင်အုပ် သန်းထွန်း ဦးဆောင်၍ တခြားဒိုင်များနှင့် ပူးပေါင်းကာ ဂျင်ဝိုင်း၊ ဖဲဝိုင်းနှင့် မူးယစ်ဆေးဝါး ရောင်းချမှုများ အပါအဝင် လောင်းကစားဝိုင်းများကို နေ့စဉ် ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ လောင်းကစားဝိုင်းများ ပြုလုပ်နိုင်နေခြင်းကို လယ်ဝေးမြို့နယ်ရှိ မြို့နယ်မှူး၊ စခန်းမှူး၊ နယ်ထိန်းများ၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ ကျေးရွာနေ ပြည်သူများက အကြိမ်ကြိမ် တိုင်ကြားသော်လည်း အရေးယူဆောင်ရွက်ခြင်းမရှိကြောင်း သိရသည်။
ထို့ပြင် မြို့နယ်မှူး အေးကျော်နှင့် နယ်မြေစခန်းမှူး ဒုရဲအုပ် ဇော်ထွန်းဦးကိုလည်း ပြည်သူများက အကြိမ်ကြိမ် ဖုန်းဆက်ခေါ်ခဲ့သော်လည်း လာရောက်ခြင်းမရှိကြောင်း၊ အဆိုပါ လောင်းကစားဝိုင်းများကို လယ်ဝေးမြို့နယ်၊ ခေတ်အေးရွာ၏ သဂြိုဟ်ကုန်းအနီးတွင် နေ့စဉ်ပြုလုပ်နေခြင်းဖြစ်ပြီး သစ်မှောင်ခို လုပ်ဆောင်ခြင်းများလည်း ရှိကြောင်း သိရှိရသည်။
ထိုသို့ လောင်းကစားဝိုင်းများ ပြုလုပ်နိုင်ရန်အတွက် တိုင်း၊ ခရိုင်၊ မြို့နယ်၊ နယ်မြေစခန်းများနှင့် အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အသီးသီးကို တစ်ပတ်လျှင် ငွေကျပ် သိန်း ၇၀ ပေးဆောင်ရကာ လစဉ်ကြေးအဖြစ် တစ်လလျှင် ငွေကျပ် သိန်း ၁၀၀ ကျော် ပေးဆောင်နေရကြောင်း သိရသည်။
“မြို့နယ်မှူး အေးကျော်နဲ့ နယ်မြေ စခန်းမှူး ဒုရဲအုပ် ဇော်ထွန်းဦးကို ပြည်သူတွေက အကြိမ်ကြိမ် ဖုန်းနဲ့ဆက်ပြီး တိုင်ကြားပါတယ်။ အဲဒါကို အရေးယူဆောင်ရွက်တာမရှိပါဘူး။ ခေတ်အေးရွာ သဂြိုဟ်ကုန်းနားမှာ နေ့တိုင်းလုပ်နေတာ လောင်းကစားဒိုင်အုပ်က သန်းထွန်းပါ၊ သူတစ်ယောက်တည်းတော့မဟုတ်ဘူး။ တခြားဒိုင်တွေနဲ့ ပူးပေါင်းပြီး လုပ်နေတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။






