ရန်ကုန်၊ ဇူလိုင် ၂
အကြမ်းဖက် မင်းအောင်လှိုင်အမိန့်ကြောင့် တစ်နိုင်ငံလုံး တစ်သျှူးငှက်ပျောစိုက်ပွဲများကို ယမန်နေ့ ဇူလိုင်လ ၁ ရက်နေ့မှစတင် လုပ်ဆောင်နေရပြီး ဆရာ၊ ဆရာမများနှင့်ကျောင်းသားကျောင်းသူများက ရေလောင်း၊ ပေါင်းနုတ်၊ မြက်ရှင်းလုပ်နေရကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်နှင့်ဌာနဆိုင်ရာများထံမှ သိရှိရသည်။
ယမန်နေ့ ဇူလိုင်လ ၁ ရက်နေ့ အခြေခံပညာမူလတန်း၊ အထက်တန်းနှင့်အလယ်တန်းကျောင်းများတွင် ကျောင်းဆရာ၊ ဆရာမများ၊ ဌာနဆိုင်များက တစ်သျှူးငှက်ပျောစိုက်ပွဲများ စတင်ကျင်းပပြုလုပ်နေရကြောင်း၊ တစ်သျှူးငှက်ပျောစိုက်ခင်းများကို ပေါင်းနုတ်ခြင်း၊ မြေယာထွန်ယက်ခြင်း၊ ရေလောင်းခြင်း၊ မြက်နုတ်ခြင်း အပါအဝင် စိုက်ပျိုးရေးလုပ်ငန်းများကို ဆရာ၊ ဆရာမများက ဦးစီး၍ ကျောင်းသားကျောင်းသူများက လုပ်ဆောင်နေရကြောင်း၊ အခြေခံပညာကျောင်းများ၏ မြေလွတ်မြေရိုင်းများအားလုံးတွင် တစ်ရှူးငှက်ပျောများ စိုက်ပျိုးနေရကြောင်း သိရှိရသည်။
“ဒီ ဇူလိုင်လထဲမှာ တစ်နိုင်ငံလုံး တစ်သျှူးငှက်ပျောစိုက်ပွဲတွေ လုပ်နေရပြီ။ ဓာတ်ပုံတွေနဲ့ သမ္မတရုံးကို တင်ခိုင်းတယ်။ ထွက်တဲ့ငှက်ပျောသီးတွေကို ကျောင်းသားကျောင်းသူတွေကို ကျွေးမွေးရမှာပါ” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
တစ်သျှူးငှက်ပျောစိုက်ခင်းများကို အခြေခံပညာကျောင်းများ၏ မြေလွတ်မြေရိုင်းများအပြင် တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရများက မြေလွတ်မြေရိုင်းများကို စိုက်ပျိုးမြေများအဖြစ် ရှင်းလင်းတူးဖော်၍ စိုက်ပျိုးကြဦးမည်ဖြစ်ကြောင်း သိရှိရသည်။
လတ်တလော ပဲခူးတိုင်းဒေသကြီး တောင်ငူ မြိုနယ်တွင်မူ ယမန်နေ့ တစ်သျှူးငှက်ပျောစိုက်ပွဲ ပြုလုပ်ခဲ့ပြီး ကြံ့ဖွတ်ပါတီ၏ တောင်ငူမြိုနယ် မဲဆန္ဒနယ်အမှတ် ၁ မှ တိုင်းဒေသကြီးလွှတ်တော်အမတ် ဆိုသူ သန်းစိုး တက်ရောက်ဖွင့်လှစ်ခဲ့ကြောင်း၊ တစ်သျှူးငှက်ပျောစိုက်ပွဲကို ယမန်နေ့ တောင် ငူ မြို့ အထက ၄ ကျောင်းဝန်းအတွင်း ကျင်းပခဲ့ကြောင်း၊ တစ်သျှူးငှက်ပျောဟု အမည်မတပ်ဘဲ သီးမွှေးခွံဝါငှက်ပျောဟု အမည်တပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တစ်သျှူးငှက်ပျောစိုက်ခိုင်းမှုများကို မင်းအောင်လှိုင်က မြန်မာနိုင်ငံတွင် စားနပ်ရိက္ခာပေါများရေးနှင့် အခြေခံပညာကျောင်းသား၊ ကျောင်းသူများကို အာဟာရ ဖြည့်စွက်စာ ကျွေးမွေးနိုင်ရေးဟုဆိုကာ တစ်နိုင်ငံလုံးတွင် လုပ်ဆောင်ခိုင်းခြင်းဖြစ်သည်။
ယင်းအပြင် မကြာမီ နို့စားနွားမွေးမြူရေး စီမံချက်ကို အကောင်အထည်ဖော်မည်ဖြစ်ပြီး အခြေခံပညာကျောင်းများမှ ကျောင်းဆရာ၊ ဆရာမများပါ ပါဝင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရှီရသည်။
မင်းအောင်လှိုင်က နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများအား မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများတွင် တရုတ်တစ်သျှူးငှက်ပျောစိုက်ခင်းများ မဖြစ်မနေစိုက်ပျိုးရန်၊ နို့စားနွားမွေးမြူရေးဇုန်များ တည်ထောင်၍ နို့စားနွားများ မွေးမြူရန် ညွှန်ကြားထားခြင်းဖြစ်သည်။
ယင်းစီမံချက်မှာ နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများက မူလတန်းနှင့် အလယ်တန်းကျောင်းသား၊ ကျောင်းသူများကို နေ့စဉ် တစ်သျှူးငှက်ပျောသီးတစ်လုံးနှင့် နွားနို့တစ်ခွက်စီ တိုက်ကျွေးနိုင်ရေးအတွက် လုပ်ဆောင်ခြင်းဖြစ်သည်ဟု သိရှိရသည်။
ဓာတ်ပုံ- ယမန်နေ့ တောင်ငူမြို့ အထက ၄ ကျောင်းဝန်းအတွင်းမှ တစ်သျှူးငှက်ပျောစိုက်ပွဲ။






