26.4 C
Yangon

ဘင်္ဂလားဒေ့ရှ်တွင် မြန်မာနိုင်ငံသို့ မှောင်ခိုတင်ပို့မည့် ဘိလပ်မြေ အိတ် ၁,၀၅၀ ဖမ်းဆီးရမိ၊ မှောင်ခိုသမား ၆ ဦး အဖမ်းခံရ

Must read

ရန်ကုန်၊ ဇူလိုင် ၆

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မြန်မာနိုင်ငံ၊ ရခိုင်ပြည်သို့ တရားမဝင် မှောင်ခိုတင်ပို့ရန် သယ်ဆောင်လာသည့် ဘိလပ် မြေ အိတ်ပေါင်း ၁,၀၅၀ နှင့် DAP ဓာတ်မြေဩဇာ ၄ အိတ်ကို ဘင်္ဂလားဒေ့ရှ် ကမ်းခြေ စောင့်တပ်က သီးခြားစစ်ဆင်ရေး ၂ ခုအတွင်း ဖမ်းဆီးရမိခဲ့ပြီး မှောင်ခိုသမား ၆ ဦးကိုလည်း ဖမ်းဆီးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်က ထုတ်ပြန်သည်။

ပထမဖြစ်စဉ်မှာ ဇူလိုင် ၃ ရက် ညနေ ၆ နာရီခန့်တွင် စစ်တကောင်း (Chattogram) မြို့၊ Patenga ရဲစခန်းနယ်မြေရှိ Ghat No. 15 အနီး၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သတင်းအရ Patenga ကမ်းခြေ စောင့်တပ်စခန်းမှ အထူးအဖွဲ့က ဝင်ရောက်စီးနင်းခဲ့ကြောင်း သိရသည်။

စစ်ဆင်ရေးအတွင်း သံသယဖြစ်ဖွယ် သစ်သားလှေတစ်စီးကို ရပ်တန့်စစ်ဆေးရာ မြန်မာ နိုင်ငံသို့ အကောက်ခွန်နှင့် အခွန်များ ရှောင်ရှား၍ မှောင်ခိုတင်ပို့ရန် သယ်ဆောင်လာသည့် ဘိလပ်မြေ အိတ် ၆၀၀ ကို တွေ့ရှိသဖြင့် သိမ်းဆည်းခဲ့ကြောင်း၊ ပစ္စည်းတန်ဖိုးမှာ ဘင်္ဂလားဒေ့ရှ် တာကာငွေ ၃ သိန်းခန့်ရှိပြီး မှောင်ခိုသမား ၅ ဦးကို ဖမ်းဆီးကာ သစ်သားလှေကိုလည်း သိမ်းဆည်းခဲ့ကြောင်း သိရသည်။

ဒုတိယဖြစ်စဉ်မှာ ဇူလိုင် ၅ ရက် နံနက် ၃ နာရီ ၃၀ မိနစ်ခန့်တွင် ဘိုလာ (Bhola) ခရိုင်၊ မွန်ပူရာ (Monpura) မြို့နယ်ရှိ မြောက်ဆာကူချီယာ (North Sakuchia Union) အနီး လာတာခါလီ (Latakhali Ghat) ဆိပ်ကမ်းအနီး၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မွန်ပူရာ ကမ်းခြေစောင့်တပ်စခန်းနှင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်းစစ်ဆင်ရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စစ်ဆင်ရေးအတွင်း ငါးဖမ်းလှေတစ်စီးကို စစ်ဆေးရာ မြန်မာနိုင်ငံသို့ မှောင်ခိုတင်ပို့ရန် သယ်ဆောင်လာသည့် ဘိလပ်မြေ အိတ် ၄၅၀ နှင့် DAP ဓာတ်မြေဩဇာ ၄ အိတ်ကို ဖမ်းဆီးရမိခဲ့ကြောင်း၊ ပစ္စည်းများ၏ ခန့်မှန်းတန်ဖိုးမှာ ဘင်္ဂလားဒေ့ရှ် တာကာငွေ ၂၂၉,၀၀၀ ခန့်ရှိပြီး မှောင်ခိုသမား ၁ ဦးကို ဖမ်းဆီးကာ ငါးဖမ်းလှေကိုလည်း သိမ်းဆည်းခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံရသူ စုစုပေါင်း ၆ ဦးနှင့် သိမ်းဆည်းရမိသည့် လှေများ၊ ဘိလပ်မြေများနှင့် ဓာတ်မြေဩဇာများကို သက်ဆိုင်ရာရဲစခန်းများသို့ လွှဲပြောင်းပေးအပ်ထားပြီး ဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်က ထုတ်ပြန်ထားသည်။

ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်က မြန်မာနိုင်ငံသို့ တရားမဝင်ကုန်ပစ္စည်း မှောင်ခိုတင်ပို့မှုများကို တားဆီးနှိမ်နင်းရန် ကမ်းရိုးတန်းနှင့် ရေကြောင်းလုံခြုံရေးကို ဆက်လက်တင်းကျပ်ထားမည်ဖြစ်ပြီး အလားတူ စစ်ဆင်ရေးများကိုလည်း ဆက်လက်အရှိန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article