ရန်ကုန်၊ ဇူလိုင် ၈
ကရင်နီပြည်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့၊ လွယ်ယင်းမင်္ဂလာကျေးရွာဘက်သို့ ဝင်ရောက်လာသော စစ် ကောင်စီတပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများပြားပြီး လက်နက်ခဲယမ်း အချို့ သိမ်းဆည်းရရှိခဲ့ကြောင်း ကရင်နီတော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်း ဌာန ထံသို့ ပြော ကြားသည်။
ဇူလိုင်လ ၆ ရက်နေ့မှစတင်ပြီး ယနေ့ ဇူလိုင်လ ၈ ရက်နေ့အထိ ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့တွင် တပ်စွဲထားသော စစ်ကောင်စီတပ်က စစ်မှုထမ်းတပ်သား အင်အားများကို အသုံးချကာ လွယ်ယင်း မင်္ဂလာကျေး ရွာဘက်သို့ အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသောကြောင့် ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်များက ခုခံတိုက်ခိုက်ခဲ့ရာ နေ့စဉ်နှင့်အမျှ တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်သား အများအပြား ထိခိုက်သေဆုံးမှုရှိကြောင်း၊ ထို့အပြင် စစ်ကောင်စီတပ်သာများ ထံမှ လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
“၆ ရက်၊ ၇ ရက်နေ့ကနေ ဒီနေ့အထိ လွယ်ယင်းမင်္ဂလာရွာဘက်မှာ တိုက်ပွဲဖြစ်နေတာ၊ တော်တော် ပြင်းထန်တယ်။ လူလှိုင်းနဲ့ သွေးတိုးစမ်းနေတာပါ။ ထိတွေ့မှုဖြစ်လိုက် အထိနာပြီး ပြန်ဆုတ်လိုက်နဲ့ ပြန်တက်လာလိုက်နဲ့။ ပြီးတော့ တိုက်ပွဲထဲမှာ လက်နက်ခဲယမ်းတွေ၊ အိုင်ကွန်တွေပါ သိမ်းဆည်းရရှိ တာရှိတယ်။ အရင်ရက်ကလည်း စခတွေရဲ့ UAV ကင်းထောက် ဒရုန်း အဖြူရောင်တစ်စီးကို ဆွဲယူရ ထားတာရှိတယ်။ သေတာတွေကတော့ ပစတွေချည်းပဲ။အရေအတွက်သာ မသိရတာ” ဟု ကရင်နီ တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
ပြီးခဲ့သည့် ဇူလိုင် ၂ ရက်နေ့က မိုးဗြဲမြို့၊ လွယ်ယင်း မင်္ဂလာကျေးရွာဘက်သို့ စစ်ကြောင်းထိုးဝင် ရောက်လာပြီး စစ်ကောင်စီတပ်သားများ နေရာယူထားသည့် အဆောက်အအုံကို ကရင်နီ တော်လှန် ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ဖယ်ခုံ PDF 1006 တပ်ရင်း ၊ မိုးဗြဲ PDF 1001 တပ်ရင်း နှင့် Falcon Wings တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖယ်ခုံ PDF 1006 တပ်ရင်းက ထုတ်ပြန်ထားသည်။
အလားတူ ပြီးခဲ့သည့် ဇွန်လ ၂၈ ရက်နေ့ကလည်း မိုးဗြဲ မြို့အတွင်းရှိ စစ်ကောင်စီ၏ ကာကင်းစခန်း တစ်ခုကို တော်လှန်ရေးတပ်ဖွဲ့များက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက် သေဆုံးမှုရှိပြီး စစ်သားအလောင်းများ၊ စစ်သုံ့ပန်းများနှင့်အတူ လက်နက်ခဲယမ်းများ သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။
မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှု များပြားနေသောကြောင့် ပင်လောင်း၊ ဖယ်ခုံ ဘက်မှတဆင့် PNO ပြည်သူ့စစ်များကိုလည်းကောင်း၊ ကရင်နီပြည်၊ ငွေတောင်အခြေစိုက် ခလရ ၁၀၂ တပ်ရင်း၊ လွိုင်ကော်မြို့ အခြေစိုက် တပ်ရင်းတို့မှ အင်အားများ ထုတ်နှုတ်ကာ အင်အားများဖြည့် တင်းလျက်ရှိကြောင်း သိရသည်။
ထို့သို့ အထိနာလျက်ရှိကြောင့် မိုးဗြဲမြို့ အနီးပတ်ဝန်းကျင် အပါအဝင် ဒီးမော့ဆိုမြို့နယ် အတွင်းကို ကင်းထောက်ဒရုန်းများ ပျံသန်းကင်းထောက်ကာ အသေခံဒရုန်း၊ လက်နက်ကြီးများဖြင့်လည်း ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်လျက်ရှိကြောင်း၊ ယနေ့ ဇူလိုင်လ ၈ ရက် နေ့လည်ပိုင်းက မိုးဗြဲမြို့ရှိစစ်ကောင်စီ တပ်က ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုကို အသေခံဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သော်လည်း လူထိခိုက်မှုမရှိကြောင်း သိရသည်။




