ရန်ကုန်၊ ဇူလိုင် ၁၁
တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်တွင် ပျူစောထီး ၁ ဦး အမျိုးသမီးပါ ခေါ်ဆောင်လာပြီး တော်လှန်ရေးတပ်ထံ အလင်းဝင်ရောက်ကာ စစ်တပ်ကို ပြန်လည် တိုက်ခိုက်မည်ဟုပြောဆိုကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံမှ သိရသည်။
ဇူလိုင်လ ၅ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့မှ ပျူစောထီး ၁ ဦး သည် ၎င်း၏ အမျိုးသမီးဖြစ်သူပါ ခေါ်ဆောင်လာပြီး ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံသို့ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အလင်းဝင်ရောက်လာသူသည် ကော့သောင်းမြို့နယ်၊ ပိတောက်ရွှေဝါ (ရွှေမင်းဝံ) ရပ်ကွက်တွင် နေထိုင်သည့် အသက် ၂၅ နှစ်အရွယ် ကိုအောင်နိုင်ဝင်း ဖြစ်ပြီး ၎င်း၏ သဘောဆန္ဒမပါဘဲ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က စစ်မှုထမ်း အပတ်စဉ် ၂၀ အတွက် အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ပေါ်တာဆွဲ ဖမ်းဆီးခံရပြီးနောက် ဘာသာခြားဖြစ်နေသည့်အတွက် ကော့သောင်းမြို့နယ်၊ အေးရိပ်ငြိမ်ရပ်ကွက် (ရန်ကြီးအောင်) ဘောလုံးကွင်းတွင် ကင်းစောင့်ခြင်းနှင့် ကင်းလှည့်ခြင်း တာဝန်များသာ ပေးအပ်ထားခဲ့ကြောင်း သိရသည်။
ယင်းသို့ တာဝန်ထမ်းဆောင်နေစဉ် ကာလအတွင်း ကိုအောင်နိုင်ဝင်းသည် စစ်သားများက ပြည်သူများအပေါ် ယုတ်မာရိုင်းစိုင်းမှုများ ပြုလုပ်နေခြင်း၊ ပျူစောထီးများကို WY (စိတ်ကြွရူးသွပ်ဆေးပြား) များ သုံးစွဲစေပြီး ရှေ့တန်းသို့ ပို့ဆောင်နေခြင်းများကို တွေ့ရှိခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ စစ်ဆေးစဉ် ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။
ထို့ကြောင့် ၎င်းလုပ်ရပ်များကို မလိုလားတော့သည့်အတွက် ဇနီးဖြစ်သူ မပိုးပိုးချစ်နှင့်အတူ အလင်းဝင်ရောက်ခဲ့ကြောင်း၊ လက်ရှိတွင် ကိုအောင်နိုင်ဝင်းသည် ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ဆက်လက်ပူးပေါင်းကာ အကြမ်းဖက် စစ်တပ်ကို လက်နက်ကိုင်၍ ပြန်လည်ခုခံတိုက်ခိုက်သွားမည်ဟု ကတိသစ္စာပြုထားကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ် အသေးစိတ် သိရှိရန် ရန်ကုန်ခေတ်သစ် သတင်းဌာနက ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေဆိုခြင်းမရှိသေးပေ။




