ရန်ကုန်၊ ဇူလိုင် ၁၁
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်တွင် လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးခြင်းနှင့် စစ်မှုထမ်းကြေးများ အတင်းအဓမ္မ ကောက်ခံခြင်းများ လုပ်ဆောင်နေသည့် ကျေးရွာအုပ်ချုပ်ရေးမှူး အပါအဝင် ၂ ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးခဲ့ကြောင်း ဒေသခံပြည်သူများနှင့် စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၈ ရက်နေ့ နံနက် ၆ နာရီကျော်ခန့်တွင် စဉ့်ကူးမြို့နယ်၊ ရွှေဂုံတိုင်ကျေးရွာရှိ “လပြည့်ဝန်” လက်ဖက်ရည်ဆိုင်၌ ထိုင်နေသည့် ရွှေဂုံတိုင်ရွာ အုပ်ချုပ်ရေးမှူး အောင်ဆန်းဝင်းနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးတာဝန်ခံ သန်းဇော်တို့ကို အမည်မသိ သေနတ်သမားများက ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ပစ်ခတ်မှုကြောင့် အုပ်ချုပ်ရေးမှူး အောင်ဆန်းဝင်းနှင့် အုပ်ချုပ်ရေးတာဝန်ခံ သန်းဇော်တို့ ၂ ဦးလုံး နေရာ၌ပင် သေဆုံးခဲ့ပြီး၊ တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့သည့် သေနတ်သမားများအားလုံး လွတ်မြောက်သွားခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ယင်းတိုက်ခိုက်မှုကို မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့သည်ကိုမူ လက်ရှိအချိန်ထိ အတည်မပြုနိုင်သေးပေ။
သေဆုံးသွားသည့် အောင်ဆန်းဝင်းနှင့် သန်းဇော်တို့သည် ကျေးရွာအုပ်စုအတွင်းရှိ လူငယ်များကို စစ်ကောင်စီတပ်နှင့် ပူးပေါင်းကာ ပေါ်တာဆွဲ ဖမ်းဆီးပေးခြင်း၊ စစ်မှုထမ်းကြေးများ လစဉ် အတင်းအဓမ္မ ကောက်ခံခြင်းများကို လုပ်ဆောင်နေသည့်အပြင် စစ်တပ်ထံသို့လည်း နေ့စဉ် သတင်းပေးပို့နေသူများဖြစ်ကြောင်း သိရသည်။
ဒေသခံပြည်သူတစ်ဦးက “အောင်ဆန်းဝင်းရော သန်းဇော်ရောက စစ်တပ်နဲ့ပေါင်းပြီး ပေါ်တာဆွဲ ဖမ်းဆီးတာတွေ၊ လစဉ် စစ်မှုထမ်းကြေး အတင်းအဓမ္မ ကောက်တာတွေ လုပ်နေတဲ့သူတွေပါ။ ၂ ယောက်လုံး သေဆုံးသွားတယ်လို့ သိရတယ်။ စစ်တပ်က လူတွေ ရောက်လာတာကြောင့် ပြည်သူတွေလည်း သွားပြီးတော့ မကြည့်ရဲကြဘူး” ဟု ပြောသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို သိရှိနိုင်ရန် ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်လက်စုံစမ်းမေးမြန်းလျက်ရှိကြောင်း သိရသည်။




