ရန်ကုန်၊ ဇူလိုင် ၁၂
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ထားဝယ် စီးပွားရေးဇုန်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ပြည်သူ ၇၀ ခန့်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားပြီး ကျေးရွာအများစုမှ ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇူလိုင်လ ၈ ရက်နေ့တွင် ထားဝယ်စီးပွားရေးဇုန်အတွင်း ထားဝယ်မြို့ပေါ်မှ စစ်တပ် တပ်ရင်းများဖြင့် အင်အားစုဖွဲ့ခဲ့သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဇူလိုင်လ ၉ ရက်နေ့တွင် ရေဖြူမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း သိရသည်။
ထိုစစ်ကြောင်းသည် ဇူလိုင်လ ၉ ရက်နေ့တွင် ခမောင်းချောင်းရွာဘက်၌ ခရီးသည်တင်ကားများအပါအဝင် ကုန်ကားပေါ်တွင် လိုက်ပါလာသော ပြည်သူ ၇၀ ခန့်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိအချိန်ထိ ၎င်းတို့ ဖမ်းဆီးထားသော ပြည်သူများကို ပြန်လွှတ်ပေးခြင်းမရှိသေးကြောင်း သိရှိရသည်။
လက်ရှိအချိန်တွင် စစ်တပ် စစ်ကြောင်းကြောင့် ခမောင်းချောင်းရွာနှင့် ကညင်အင်းရွာ အပါအဝင် အနီးအနားရှိ ကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများသည် တိမ်းရှောင်နေရပြီး စစ်တပ် စစ်ကြောင်းက ခမောင်းချောင်းရွာအနီးနှင့် ကျေးရွာအတွင်းရှိ နေအိမ်များတွင် တပ်စွဲထားဆဲဖြစ်ကြောင်း သိရသည်။
“ခမောင်းချောင်းဘက်မှာ ပြည်သူ ၇၀ လောက်ဖမ်းထားတယ်။ အခုထိ ဖမ်းထားတုန်းပဲ။ အခုက ရေနက်ဆိပ်ကမ်းဧရိယာမှာ စစ်ကြောင်းထိုးနေတဲ့ကောင်တွေ အဲဒီနားမှာပဲ ရှိနေသေးတယ်။ ခမောင်းချောင်းတစ်ဝိုက်မှာ အခုစစ်ကြောင်းက တော်တော်များနေတယ်” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။
အဆိုပါ ထားဝယ် စီးပွားရေးဇုန်အတွင်း နဘုလယ်ဒေသကို စစ်တပ်က စစ်ကြောင်းများ ထပ်မံ တပ်ဖြန့်ထားပြီး မူးဒူးရွာဘက်တွင်လည်း စစ်တပ် စစ်ကြောင်းတစ်ခုက စစ်ကြောင်းထိုးနေဆဲဖြစ်ကြောင်း သိရသည်။




