အာဆီယံ ဘုံသဘောတူညီချက် ၅ ချက် မလိုက်နာဘဲ စစ်တပ်နိုင်ငံခြားရေးဝန်ကြီးကို အလွတ် သဘော တွေ့ဆုံမှု အာဆီယံ၏ဂုဏ်သိက္ခာနှင့်ပုံရိပ်ကို ထိခိုက်နိုင်ဟု ဒေါ်ဇင်မာအောင် သတိပေး
ရန်ကုန်၊ ဇူလိုင် ၁၂
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) အနေဖြင့် မြန်မာ့ဒီမိုကရေစီရေးနှင့် တော်လှန်ရေးကို ထောက်ခံသော နိုင်ငံများသို့ ဆက်လက်သွားရောက်ရန် စီစဉ်နေပြီး အာဆီယံဥက္ကဋ္ဌနှင့်လည်း သီးခြားတွေ့ဆုံရန်ရှိကြောင်း SCEF အတွင်းရေးမှူးအဖွဲ့ဝင်လည်းဖြစ်၊ အမျိုးသားညီညွတ်ရေးအစိုးရ-NUG နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနနှင့် ယနေ့ သီးသန့်တွေ့ဆုံမေးမြန်းခန်းတွင် ပြောဆိုသည်။
SCEF အနေဖြင့် နိုင်ငံတကာဆက်ဆံရေးနှင့် သံတမန်ရေးလုပ်ငန်းများကို ဆက်လက်တိုးမြှင့်သွားမည်ဖြစ်ပြီး မြန်မာ့အရေးကို ထောက်ခံသော နိုင်ငံများနှင့် ထိတွေ့ဆက်ဆံမှုများ ဆက်လက်လုပ် ဆောင်ရန် အစီအစဉ်များရှိကြောင်း သိရှိရသည်။
“SCEF အနေနဲ့ ရှေ့ဆက်ပြီးတော့လည်း မြန်မာ့အရေးကို ထောက်ခံကြတဲ့ နိုင်ငံတွေကို ဆက်လက်သွားရောက်ဖို့ဆိုပြီး အစီအစဉ်တွေလုပ်နေတာရှိတယ်။ ထို့အတူ သီးခြား အာဆီယံဥက္ကဋ္ဌနဲ့ တွေ့ဆုံဖို့တွေရှိတယ်။ ဒါကတော့ SCEF အနေနဲ့ နိုင်ငံတကာနဲ့ ဆက်သွယ်ဆောင်ရွက်မှု အနေအထားတွေပါ” ဟု NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောဆိုသည်။
တစ်ချိန်တည်းတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီးနှင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘောတွေ့ဆုံမှုမှာ အာဆီယံတစ်ဖွဲ့လုံး၏ ရပ်တည်ချက်လား သို့မဟုတ် အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ၊ နှစ်နိုင်ငံ၏ အကျိုးစီးပွားအပေါ် အခြေခံသော ကြိုးပမ်းမှုလားဆိုသည်ကို ခွဲခြားမြင်ရန်လိုအပ်ကြောင်း ဒေါ်ဇင်မာအောင်က ပြောသည်။
အာဆီယံအနေဖြင့် စစ်တပ်အာဏာသိမ်းပြီးနောက် ၅ နှစ်ခန့်အတွင်း မြန်မာနိုင်ငံကို အဆင့်မြင့်နိုင်ငံရေးကိုယ်စားပြုခွင့် မပေးသည့် ရပ်တည်ချက်ကို ဆက်လက်ထိန်းသိမ်းထားပြီး စစ်ကောင်စီ၏ ရွေး ကောက်ပွဲမှတစ်ဆင့် ပေါ်ပေါက်လာသော လွှတ်တော်နှင့် အစိုးရကိုလည်း လက်မခံ၊ အသိအမှတ်မပြုရန် ဆုံးဖြတ်ထားကြောင်း ၎င်းက ရှင်းပြသည်။
“ဒီအကြမ်းဖက်စစ်အုပ်စုကလုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲကနေ တက်လာတဲ့ လွှတ်တော်အတု၊ အစိုးရအတုကိုလည်း သူတို့လက်မခံဘူး၊ အသိအမှတ်မပြုဘူးဆိုတဲ့ဟာကို ရှင်းရှင်းလင်းလင်း ဆုံးဖြတ်ချက်ချခဲ့တာရှိတယ်” ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။
အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို စစ်ကောင်စီက အကောင်အထည်ဖော်ခြင်းမရှိသေးဘဲ စစ်ကောင်စီကို အာဆီယံအစည်းအဝေးများအတွင်း ပြန်လည်နေရာပေးရန်မှာ အဖွဲ့ဝင်နိုင်ငံများအကြား သဘောတူညီချက်ရရှိရန် မလွယ်ကူကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
“အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ဆိုတဲ့ဟာကို ဘာမှ အကောင်အထည်ဖော်ခြင်း မရှိသေးဘဲနဲ့ သူလုပ်ချင်ရာ သူလုပ်နေတဲ့ စစ်အုပ်စုကို အာဆီယံထဲ ပြန်ထည့်ရမယ်ဆိုတာက အာဆီယံအသင်းကြီးအနေနဲ့ သဘောတူဖို့ လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။
သို့ရာတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံတချို့က စစ်ကောင်စီနှင့် နှစ်နိုင်ငံချင်းဆက်ဆံရေးအရ ထိတွေ့ဆက်ဆံမှုများ ပြုလုပ်နေပြီး ဘန်ကောက်တွင် စီစဉ်သည့် အလွတ်သဘောတွေ့ဆုံပွဲမှာလည်း သက်ဆိုင်ရာနိုင်ငံ ၏ အကျိုးစီးပွားအပေါ် အခြေခံကာ အာဆီယံ၏ နာမည်ကို အသုံးချသည့် သဘောမျိုး မြင်တွေ့ရကြောင်း ၎င်းက သုံးသပ်သည်။
“အခု ဘန်ကောက်မှာ အလွတ်သဘောတွေ့ကြစို့ဆိုပြီး စီစဉ်ကြတယ်လို့ ကျမ နားလည်ပါတယ်။ အဲဒီလို စီစဉ်ကြတဲ့အခါ ကမကထလုပ်တဲ့နိုင်ငံက သူ့နိုင်ငံမှာလုပ်တဲ့ပွဲကို အခြားအာဆီယံနိုင်ငံက နိုင်ငံ ခြားရေးဝန်ကြီးတွေရော၊ ဥက္ကဋ္ဌတွေရော တက်အောင်တော့ ဆွဲဆောင်စည်းရုံးမှာပဲ။ ပြောချင်တာက နှစ်နိုင်ငံဆက်ဆံရေးနဲ့ သူ့နိုင်ငံရဲ့ အကျိုးစီးပွားအတွက် အခြေခံပြီးတော့ အာဆီယံနာမည်ကို အသုံးချတဲ့ သဘောမျိုး မြင်ရတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောဆိုသည်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌအနေဖြင့် မြန်မာ့အရေးနှင့် သက်ဆိုင်သူအားလုံးကို မျှမျှတတ တွေ့ဆုံရမည်ဖြစ်ပြီး စစ်ကောင်စီနှင့် တွေ့ဆုံသကဲ့သို့ တော်လှန်ရေးအင်အားစုများနှင့်လည်း တွေ့ဆုံရန်လိုအပ် ကြောင်း ဒေါ်ဇင်မာအောင်က ထောက်ပြသည်။
သို့သော် အာဆီယံအဖွဲ့ဝင်နိုင်ငံတချို့က စစ်ကောင်စီကို နိုင်ငံတကာစင်မြင့်ပေါ်တွင် နေရာပေးကာ တရား ဝင်မှုရရှိစေရန် ကြိုးပမ်းနေသည့် အခြေအနေများရှိပြီး ယင်းနိုင်ငံများနှင့် စစ်ကောင်စီတို့ ပူးပေါင်း၍ အာဆီယံဥက္ကဋ္ဌကို အကျပ်အတည်းဖြစ်စေသည့် အခင်းအကျင်းတစ်ခု ဖန်တီးနေခြင်းဖြစ်နိုင်ကြောင်း ၎င်းက သုံးသပ်ပြောဆိုသည်။
“တချို့နိုင်ငံတွေကတော့ စစ်ကောင်စီကို အဲဒီ Space ကို ပေးပြီးတော့ တရားဝင်မှုကို ပေးဖို့ လုပ်နေတယ်။ စစ်အုပ်စုကလည်း တလျှောက်လုံးလိုချင်နေတာ ဒါပဲ။ နိုင်ငံတကာမှာ အသိအမှတ်ပြုမှုဆိုတာ အရေးကြီးတာကိုး။ စစ်အုပ်စုကို ပြန်ခေါ်သွင်းချင်တဲ့ နိုင်ငံတချို့နဲ့ လက်ဝါးချင်းရိုက်ပြီးတော့ အာဆီယံဥက္ကဋ္ဌကို အကြပ်ရိုက်အောင်လုပ်တဲ့ အခင်းအကျင်းမျိုးလို့ပဲ ကျမကတော့ မြင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။
အထူးသဖြင့် အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို လိုက်နာခြင်းမရှိသည့် စစ်ကောင်စီနှင့် အာဆီယံအမည်ကို အသုံးပြု၍ အလွတ်သဘောတွေ့ဆုံမှု ပြုလုပ်ခြင်းမျိုးပင် မလုပ်သင့်ကြောင်း ဒေါ်ဇင်မာအောင်က သတိပေးသည်။
“အခုလို အလွတ်သဘောတွေ့ဆုံမှုကိုတောင် မလုပ်သင့်ဘူး။ အာဆီယံခေါင်းစဉ်ကြီးနဲ့၊ အာဆီယံနာမည်ကြီးနဲ့လေ။ အဲဒါကို သူတို့ရဲ့ ဝါဒဖြန့်ချိရေးယန္တရားတွေမှာ အကြီးအကျယ်သုံးပြီးတော့ အာဆီယံထဲ ပြန်ရောက်တော့မလိုလို သေချာပေါက် ဝါဒဖြန့်ကြဦးမှာ” ဟု ၎င်းက ပြောဆိုသည်။
စစ်ကောင်စီ၏ လုပ်ရပ်များမှာ မြန်မာနိုင်ငံအတွင်း ပြဿနာအဖြစ်သာ ရပ်တန့်မနေတော့ဘဲ ဒေသတွင်းပြဿနာအဖြစ် ပြောင်းလဲလာနေပြီး အာဆီယံအနေဖြင့် ထိရောက်သည့် သံတမန်ရေးနှင့် နိုင်ငံရေးဖိအားများ မပေးနိုင်ပါက အာဆီယံ၏ ဂုဏ်သိက္ခာနှင့် ပုံရိပ်ကိုပါ ဆက်လက်ထိခိုက်စေမည်ဖြစ်ကြောင်း ဒေါ်ဇင်မာအောင်က သတိပေးသည်။
“ဒီလိုနေရင်းနဲ့ အာဆီယံကိုယ်တိုင်ပင်လျှင် ပြဿနာဖြစ်လာမှာ။ ဒါက မြန်မာပြည်တွင်းပြဿနာ သက်သက်မဟုတ်တော့ဘူး။ ဒေသတွင်းပြဿနာဖြစ်လာရင် အာဆီယံအသင်းကြီး ထူထောင်ရခြင်းရဲ့ ရည်ရွယ်ချက်တွေနဲ့ ကင်းကွာလာလိမ့်မယ်။ ဒီထက်ပိုပြီး တင်းတင်းရင်းရင်းနဲ့ လုပ်သင့်လုပ်ထိုက်တဲ့ သံတမန်ရေးဖိအားတွေ၊ နိုင်ငံရေးဖိအားတွေ မပေးဘူးဆိုရင် အာဆီယံကိုယ်တိုင်ပင်လျှင် ထိခိုက်လာလိမ့်မယ်။ နဂိုကတည်းကလည်း ထိခိုက်နေပြီ” ဟု ဒေါ်ဇင်မာအောင်က ပြောဆိုသည်။
ထို့ကြောင့် အာဆီယံအနေဖြင့် စစ်ကောင်စီအပေါ် ယခုထက်ပို၍ တင်းကျပ်ပြင်းထန်သော သံတမန်ရေးနှင့် နိုင်ငံရေးဖိအားများ ပေးရန်လိုအပ်ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က တိုက်တွန်းပြောဆိုသည်။




