30 C
Yangon

မင်းတုန်းမြို့နယ်၊ လက်ပွကျေးရွာတွင် စစ်တပ်က ဝင်ရောက်တပ်စွဲပြီး ပြည်သူ ၁၀ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားမှု သတင်း အစအန ပျောက်ဆုံးနေ

Must read

မင်းတုန်းမြို့နယ်၊ လက်ပွကျေးရွာတွင် စစ်တပ်က ဝင်ရောက်တပ်စွဲပြီး ပြည်သူ ၁၀ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားမှု သတင်း အစအန ပျောက်ဆုံးနေ

ရန်ကုန်၊ မေ ၄

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ် အတွင်းရှိ လက်ပွကျေးရွာသို့ စစ် တပ် က ဧပြီလ ၂၈ ရက်နေ့က ဝင်ရောက် တပ်စွဲပြီး ပြည်သူ ၁၀ ဦးခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာမှ ဖမ်းဆီးခံရသူများ၏ သတင်းအစအန ပျောက်ဆုံးနေကြောင်း ဒေသပြည်သူများက ပြောသည်။

စစ်တပ်၏ ဖမ်းဆီးခံရသူများမှာ လက်ပွကျေးရွာမှ မခင်စု၊ မအေးလှိုင်၊ မကြည်မြိုင် ၊ မမိညို၊ မသန်းသန်းစိုး၊ ကိုဇင်ကိုဦး၊ ကိုဝင်းဘို၊ ကိုသောကြာတို့ အပါ အဝင် ပြည်သူ ၁၀ ဦး ဖြစ်ပြီး လက်ပွကျေးရွာထဲသို့ စစ်တပ်က ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း၊ စစ်တပ်က ၎င်းတို့ကို မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို မသိရှိရသေးကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

လက်ပွကျေးရွာသို့ စစ်တပ် အင်အား ၁၅၀ ကျော်ဖြင့် ဝင်ရောက် တပ်စွဲခဲ့ခြင်းဖြစ်ပြီး တပ်စွဲသည့် အချိန်မှ စ၍ ကျေးရွာအတွင်း ဝင်ထွက်သွားလာခွင့် မပြုတော့ကြောင့် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများကို ဖြတ်တောက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

“သူတို့လာ တပ်စွဲတဲ့အချိန်ကတည်းက လက်ပွရွာက ဘယ်သူ့ကိုမှ ဆက်သွယ်မရတော့တာ။ ရွာနားတစ်ဝိုက်လည်း သူတို့စစ်သားတွေချည်းပဲ။ အနီးအနားက ရွာတွေကလည်း ဆွေမျိုးသားချင်းတွေပဲဆိုတော့ ဘယ်လိုများ နှိပ်စက်နေကြလဲဆိုပြီး စိတ်မကောင်းဖြစ်ရတာပေါ့” ဟု ဖမ်းဆီးခံရသူများနှင့်နီးစပ်သူ မိတ်ဆွေတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ထို့ပြင် လက်ပွကျေးရွာအတွင်း အခြား ဖမ်းဆီးခံရသူများလည်း ရှိနေနိုင်ပြီး PDF နှင့် ပတ်သက်၍ သတင်းပေးရန်နှင့် ပျက်ကွက်ပါက တစ်ရွာလုံးအရေးယူခံရမည်ဆိုသော ခံဝန်လက်မှတ်များကို အိမ်တိုင်းစေ့ ထိုးခိုင်းနေကြောင်း သိရှိရသည်။

လက်ပွကျေးရွာသည် အိမ်ထောင်စု ၁၃၀ ကျော်ရှိပြီး တော်လှန်ရေးအင်အားစုများကို အကူအညီပေးသည်ဟုဆိုကာ ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် ကျေးရွာအုပ်ချုပ်ရေးမှူး အပါအဝင် ရွာသား ၂၈ ဦးကို စစ်တပ်က ဖမ်းဆီး၍ ထောင်ဒဏ် ၁၅ နှစ်မှ ၂၆ နှစ်အထိ ချမှတ်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယမန်နှစ် စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ မုံတိုင်ပင်ကျေးရွာမှ ပြည်သူများကို စစ်တပ်က အစုလိုက်အပြုံလိုက် မသတ်ဖြတ်ခင် ဖမ်းဆီးထားစဉ်။ (ပုံအဟောင်းဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article