26.2 C
Yangon

စစ်အာဏာမသိမ်းခဲ့ပါက ယခုအချိန်ဆိုလျှင် MRT မိုးပျံရထား၊ အဝေးပြေးနှစ်ထပ်လမ်း၊ ဟံသာဝတီနိုင်ငံကာလေဆိပ်ကြီး နှင့် အမြန်ရထားစီမံကိန်းများ အကောင်အထည်ဖော်ပြီးစီးနေလောက်ပြီဟု NLD အစိုးရ စီမံ/ဘဏ္ဍာ ဒုဝန်ကြီး ဦးဆက်အောင် ပြော

Must read

ရန်ကုန်၊ ဇွန် ၂၅

စစ်တပ်က အာဏာမသိမ်းယူခဲ့ပါက ယခုအချိန်ဆိုလျှင် ရန်ကုန်မြို့တွင် MRT မိုးပျံရထားစီမံကိန်း၊ Elevated Expressway အဝေးပြေးနှစ်ထပ်လမ်းစီမံကိန်း၊ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် အမြန်ရထားစီမံကိန်းများ အပါအဝင် အခြေခံအဆောက်အအုံနှင့် စွမ်းအင်စီမံကိန်းကြီးများကို အကောင် အထည်ဖော်ပြီးစီးနေပြီဖြစ်နိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် စီမံဘဏ္ဍာနှင့် စက်မှုဒုတိယဝန်ကြီးဖြစ်ခဲ့သူ ဦးဆက်အောင်က ပြောကြားသည်။

ဇွန်လ ၂၄ ရက်နေ့ ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် “ဒီအချိန်လောက်ဆိုရင်” ဟူသော ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြခဲ့ခြင်းဖြစ်ပြီး စစ်အာဏာသိမ်းမှုသာ မဖြစ်ပွားခဲ့ပါက ရန်ကုန်မြို့၏ အရှေ့ပိုင်းနှင့် အနောက်ပိုင်းကို ဆက်သွယ်မည့် MRT Sky Train စီမံကိန်း တည်ဆောက်ရေးလုပ်ငန်းများ အရှိန် အဟုန်ကောင်းကောင်းဖြင့် စတင်နေပြီဖြစ်သလို နောက်ပိုင်းတွင် မြောက်ပိုင်းနှင့် တောင်ပိုင်းကို ဆက်သွယ်မည့် MRT စီမံကိန်းများကိုလည်း ဆက်လက်အကောင်အထည်ဖော်ရန် စီစဉ်နေပြီဖြစ်နိုင်ကြောင်း ပြောဆိုထားသည်။

ထို့ပြင် ရန်ကုန်မြို့ ဇီးရိုးမိုင်မှ အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် သီလဝါအထူးစီးပွားရေးဇုန်သို့ ဆက်သွယ် မည့် Elevated Expressway နှစ်ထပ်လမ်းစီမံကိန်းများလည်း စတင်တည်ဆောက်နေပြီဖြစ်နိုင်ကြောင်း၊ ဂျပန်ကုမ္ပဏီကြီးသုံးခု ပူးပေါင်းတည်ဆောက်မည့် အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်တန်ဖိုးရှိ LNG သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းသည်လည်း ပြီးစီးခါနီးအခြေအနေသို့ ရောက်ရှိနေလောက်ပြီဟု ဆိုသည်။

ဂျပန်၊ စင်ကာပူ၊ ထိုင်း၊ ပြင်သစ်နှင့် အမေရိကန်နိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများကို စင်ကာပူနိုင်ငံမှတစ် ဆင့် ဖိတ်ခေါ်ကာ နိုင်ငံတစ်ဝန်းတွင် Solar နှင့် Floating Solar ဓာတ်အားပေးစီမံကိန်းများ အကောင် အထည်ဖော်နေပြီး အချို့စီမံကိန်းများမှာ အောင်မြင်စွာ လည်ပတ်နေပြီဖြစ်နိုင်ကြောင်းလည်း ၎င်းက ရေးသားထားသည်။

ထို့အပြင် ဂျပန် ODA အကူအညီပါဝင်မည့် ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်စီမံကိန်းနှင့် လေ ဆိပ်မှ ရန်ကုန်မြို့ ဇီးရိုးမိုင်အထိ ဆက်သွယ်မည့် အမြန်ရထားစီမံကိန်းများလည်း စတင်တည်ဆောက်နေပြီဖြစ်နိုင်ကြောင်း၊ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော်တန်ဖိုးရှိ Data Center စီမံကိန်းများအပြင် အခွန်ပေးဆောင်ခြင်းမှ ကားပါကင်ကြေးပေးချေခြင်းအထိ ဒစ်ဂျစ်တယ်ငွေကြေးဖြင့် ပေးချေနိုင်သည့် Fully Interoperable Omni Platform ကိုလည်း အသုံးပြုနိုင်နေပြီဖြစ်နိုင်ကြောင်း ဦးဆက်အောင်က ဆိုသည်။

“နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အများအပြား ဝင်ရောက်လာပြီး အလုပ်အကိုင်အခွင့်အလမ်းတွေ များ ပြားလာသလို ပြည်တွင်းလုပ်ငန်းတွေနဲ့လည်း ချိတ်ဆက်လုပ်ငန်းတွေ ပိုမိုကျယ်ပြန့်လာနေလောက်ပါပြီ” ဟု ၎င်းက ရေးသားထားသည်။

၎င်းက ဆက်လက်၍ “ယှဉ်ပြိုင်မှုတွေ ပိုများလာပေမယ့် စီးပွားရေးဆိုတဲ့ ကိတ်မုန့်ကြီးတစ်ခုလုံးက ပိုကြီးလာတဲ့အတွက် ကိုယ်ရမယ့်အပိုင်းကလည်း ပိုကြီးလာနေလောက်ပါပြီ” ဟုဆိုပြီး လက်ရှိတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ လျော့ကျသွားသည့်အတွက် ယှဉ်ပြိုင်မှုနည်းသွားသည်ဟု ထင်ရသော် လည်း အမှန်တကယ်တွင် စီးပွားရေးတစ်ခုလုံး ကျုံ့သွားသဖြင့် လူအများစုရရှိသည့် အကျိုးအမြတ်ဝေစုမှာ ပိုမိုသေးငယ်သွားကြောင်း သုံးသပ်ထားသည်။

ယင်းအပြင် စစ်အာဏာမသိမ်းခဲ့ပါက ပြည်ပရောက် မြန်မာနိုင်ငံသား လူငယ်အများအပြား မိခင်မြန်မာနိုင်ငံသို့ အလုံးအရင်းဖြင့် ပြန်လာ အလုပ်လုပ်နေကြပြီဖြစ်ကြောင်း သူက ဆက်လက်ပြောဆိုထားသည်။

“ဒီအချိန်မှာ အလုပ်အကိုင်အခွင့်အလမ်းတွေ များလာပြီး လုပ်ခလစာတွေလည်း မြင့်တက်လာတဲ့အတွက် ပြည်ပကို ထွက်သွားတဲ့ လူငယ်လူလတ် အများအပြား ပြည်တွင်းကို ပြန်လာပြီး အလုပ်လုပ်နေကြလောက်ပါပြီ” ဟုလည်း ဦးဆက်အောင်က ရေးသားထားပြီး ၂၀၁၄-၁၅ ခုနှစ်များအတွင်း Reverse Migration ဖြစ်စဉ်များကို ကိုယ်တိုင်မြင်တွေ့ခဲ့ရကြောင်း ဖော်ပြထားသည်။

ထို့ပြင် “၂၀၁၁ ခုနှစ်မှာ စတင်ခဲ့ပြီး ၂၀၁၆ ခုနှစ်နောက်ပိုင်းအထိ ဆက်လက်တိုးတက်လာခဲ့တဲ့ နိုင်ငံ တကာက အသိအမှတ်ပြုရလောက်တဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေဟာ အခုအချိန်အထိ အရှိန်အဟုန်ကောင်းကောင်းနဲ့ ဆက်လက်ချီတက်နေလောက်ပါပြီ။ အခုတော့ အဲဒီအရာအားလုံးက အိပ်မက်တစ်ခုလိုပါပဲ” ဟု ၎င်းက ဆိုသည်။

ဦးဆက်အောင်က “ဒီလိုအခြေအနေမျိုးကို တကယ်ဖြစ်စေချင်တယ်ဆိုရင် စီးပွားရေးပြုပြင်ပြောင်းလဲရေးတွေထက် အရင်ဆုံး နိုင်ငံရေးအဖြေကို ရှာနိုင်ဖို့ လိုပါတယ်။ နိုင်ငံရေးအဖြေမရှိဘဲ ဒီအတိုင်း ဆက်သွားနေမယ်ဆိုရင် စီးပွားရေးပြုပြင်ပြောင်းလဲရေး ဘယ်လောက်ပဲလုပ်လုပ် အဲဒီအိပ်မက်တွေက အိပ်မက်တွေအဖြစ်ပဲ ကျန်နေဦးမှာပါ” ဟု ရေးသားထားသည်။

သူ့အနေဖြင့် နိုင်ငံရေးကျွမ်းကျင်သူမဟုတ်သည့်အတွက် မည်သည့်နိုင်ငံရေးအဖြေမျိုးကို ရှာဖွေသင့်ကြောင်း အကြံမပေးနိုင်သော်လည်း နိုင်ငံရေးအဖြေမရှိပါက ရေရှည်တည်တံ့ခိုင်မြဲသည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်မည်မဟုတ်ကြောင်း မှတ်ချက်ပြုထားသည်။

“ကျွန်တော်တို့နိုင်ငံကို အနည်းဆုံးတော့ သာမန်ဖွံ့ဖြိုးဆဲနိုင်ငံ (a normal developing nation) တစ်နိုင်ငံလောက် ဖြစ်လာစေချင်တာဟာ ကျွန်တော့်ရဲ့ မျှော်လင့်ချက်တွေ အရမ်းများလွန်းနေတယ်လို့တော့ မထင်မိပါဘူး။ သာမန်လောက်ဖြစ်ရင်ပဲ ကျေနပ်မိမှာပါ” ဟု သူက ဆိုသည်။

ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌဟောင်းလည်းဖြစ်ခဲ့သော ဦးဆက်အောင်သည် စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ဖမ်းဆီးခံခဲ့ရပြီး သြစတြေးလျနိုင်ငံသား စီးပွားရေးအကြံပေး မစ္စတာ ရှောင်တားနဲလ်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဝင်းနှင့် စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်းတို့နှင့်အတူ မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်ဥပဒေပုဒ်မ ၃ (၁) (ဂ) ဖြင့် တရားစွဲဆိုခံခဲ့ရသည်။

အဆိုပါအမှုအတွက် နေပြည်တော်အထူးတရားရုံးက ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၉ ရက်တွင် ထောင် ဒဏ် ၃ နှစ် ချမှတ်ခဲ့ပြီး ဦးဆက်အောင်သည် ပြစ်ဒဏ်ကာလပြည့်မြောက်သဖြင့် ၂၀၂၃ ခုနှစ် ဇွန်လ ၂ ရက်နေ့တွင် ရမည်းသင်းအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့သည်။

ဓာတ်ပုံ- AFP ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article