ဖားကန့်တွင် လူငယ် ၂ ဦးကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်ပြီး အလောင်းစွန့်ပစ်
ရန်ကုန်၊ မေ ၅
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စစ်တပ်က လူငယ် ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး အလောင်းစွန့်ပစ်ထားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
မေလ ၅ ရက်နေ့ နံနက် ၃ နာရီအချိန် ဖားကန့်မြို့နယ်၊ အေးမြသာယာရပ်ကွက်၊ မြောက်ဖြူရွာနှင့် ရှော်ရော်ခရွာလမ်းဆုံတွင် စစ်တပ်က လူငယ် ၂ ဦးကို ပစ်ခတ်သတ်ဖြတ်ပြီး အလောင်းစွန့်ပစ်ထားကြောင်း သိရှိရသည်။
“လူငယ် ၂ ဦး အသတ်ခံရတဲ့နေရာနဲ့ စစ်တပ်တပ်စွဲထားတဲ့နေရာက သိပ်မဝေးလှဘူး။ မနက် ၃ နာရီအချိန်မှာ ပစ်ခတ်သံတွေကြားရတာ။ လမ်းသွားရင်း ပစ်သတ်လိုက်တာလား၊ ဒီအတိုင်းဖမ်းပြီး ပစ်သတ်တာလားတော့မသိဘူး။ လူငယ်တွေက ဘယ်သူတွေလဲ မသိရသေးဘူး။ အခုက ဖားကန့် ပရဟိတအဖွဲ့တွေက အလောင်းကို သယ်ပြီး ရင်ခွဲရုံ ပို့ထားတယ်။ စစ်တပ်က အဲဒီလိုမျိုးသတ်တာတွေ အခုနောက်ပိုင်း တောက်လျှောက်ဆိုသလို လုပ်လာနေတယ်” ဟု ဖားကန့် ဒေသခံတစ်ဦးက ပြောဆိုသည်။