ရွှေဘိုမြို့နယ်၊ တည်သီးတော ရွာမှ ပျူစောထီး ညို့ဌေးဦးနှင့် နန်းအောင်တို့ကို ဖမ်းဆီးရာတွင် ပြန်လည်ခုခံ၍ ၂ ဦးလုံး ပွဲချင်းပြီး သေဆုံး၊ ငါန်းဇွန်တွင် ငါန်းမြာကျေးရွာအုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီးသေဆုံး
ရန်ကုန်၊ မေ ၅
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တည်သီးတောကျေးရွာရှိ ပျူစောထီး ညို့ဌေးဦးနှင့် နန်းအောင်ကို မေလ ၄ ရက်နေ့ နံနက် ၁၀ နာရီအချိန် စောင့်ဆိုင်းဖမ်းဆီးရာ ပြန်လည်ခုခံ၍ ပစ်ခတ်ခဲ့သဖြင့် ၂ ဦးလုံးပွဲချင်းပြီး သေဆုံးကြောင်း ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်- Wild Tiger LPDF အဖွဲ့မှ တာဝန်ရှိသူမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ညို့ဌေးဦးနှင့် နန်းအောင်သည် တည်သီးတော့ ပျူစောထီးခေါင်းဆောင် မောင်ဆန်း၏ တပည့်များဖြစ်ပြီး ရွှေဘိုမြို့မှ တည်သီးတောကျေးရွာသို့ ဈေးဝယ်ပြီး အပြန်တွင် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“သူတို့ဘက်က လက်လုပ် သေနတ်အတိုပါတယ်။ ကြိုသိလို့ စောင့်တာ။ အခုထိ အလောင်းလည်း လာမကောက်ကြသေးဘူးဗျ” ဟု ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်- Wild Tiger LPDF အဖွဲ့မှ တာဝန်ရှိသူမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်ကျားရိုင်း – ရွှေဘို (LPDF)အဖွဲ့ နှင့် ဗိုလ်ဂျပန်ကြီး – SHWEBO LPDF၊ DOG KILLER SHWEBO- LPDF၊ဖားရွှေကျော် ဒီပဲယင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မတစ်ထောင် (တစ်ကောင်ဘွား)- ဒီပဲယင်းအဖွဲ့၊ တောင်သူကြီးများအဖွဲ့ – LDF ၊ ရွှေဘိုမြို့နယ် တိုက်နယ်-၂ မဟာမိတ်များမှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
အလားတူ မေလ ၅ ရက်နေ့ နံနက် ၈ နာရီ ၅ မိနစ်အချိန် မန္တလေးတိုင်း၊ ငါန်းဇွန်မြိုနယ်၊ ငါန်းမြာကြီးကျေးရွာ အုပ် ချုပ် ရေးမှူးကို အောင်သန်းဇော်သည် လက်ဖက် ရည်ဆိုင်သို့ ဆိုင်ကယ်ဖြင့် တစ်ဦးတည်းသွားရောက်၍ လက်ဖက် ရည်သောက်ပြီး နေအိမ်အပြန် သေနတ်ဖြင့် ပစ်ခတ်ခံရကာ အောင်သန်းဇော် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။