သပိတ်ကျင်း နှင့် မြိုင် မြို့နယ်တို့တွင် ရွာစဥ်လှည့် မီးရှို့နေသော စစ်သားများကို ဝင်ရောက် တိုက်ခိုက်မှု ထိခိုက် သေဆုံးသူ များပြား
ရန်ကုန်၊ မေ ၅
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့အနီး ကျေးရွာများကို လိုက်လံ မီးရှို့ ဖျက်ဆီးနေသည့် အကြမ်းဖက် စစ်သားများကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၁၁ ဦးသေဆုံးခဲ့ကြောင်း တကောင်းတိုက်နယ် ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ မေလ ၅ ရက် နံနက် ၈ နာရီခန့်က အကြမ်းဖက်စစ်သား ၆၀ ခန့်သည် အရက်သေစာ သောက်စား မူးရူးပြီး လက်ပန်ကုန်းရွာမှ စတင်ကာ တစ်အိမ်ဝင် တစ်အိမ်ထွက် ခိုးယူလုယက်ပြီး တကောင်းမြို့အနီး ရှိ ဆူးတောရွာမှ ပြည်သူ့နေအိမ် ၁၅ လုံးကို မီးရှို့နေစဉ် တကောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဝင် ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၁ နာရီခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သား ၁၁ ဦးသေဆုံးကာ ၂၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“တိုက်ပွဲက ၁ နာရီလောက်ကြာတယ်၊ ပြီးတော့ နာရေးကား ၃ စီးနဲ့ ၆ ဘီးကားတစ်စီးလာတယ်၊ သူတို့ သယ်ထားတဲ့ ပစ္စည်းတွေကို ကားနဲ့တင်ပြီး နာရေးကား ၃ စီးနဲ့က ဒဏ်ရာရတဲ့ကောင်တွေနဲ့ သေတဲ့ အလောင်းတွေကို သယ်သွားတာ၊ သေတဲ့အလောင်းတွေကိုတော့ တကောင်း သင်္ချိုင်းကုန်းမှာ မြှုပ်သွား တာပဲ၊ အမိန့်တွေ၊ ဘာတွေပြန်လို့” ဟု တကောင်းပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။
အလားတူ ယမန်နေ့ မေလ ၄ ရက် နံနက် ၉ နာရီ ၄၅ မိနစ်တွင် ကြာညှပ်ရွာဘက်မှ တကောင်းဘက်သို့ တက်လာ သော အင်အား ၃၀ ခန့်ပါ အကြမ်းဖက်စစ်ကားတစ်စီးကို တကောင်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ မတောင်ရွာအနီးအရောက် မိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ကားထိုးရပ်သွားပြီး အ ကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။
မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကားများနှင့် နီးကပ်စွာလိုက်ပါခြင်း မလုပ်ဆောင်ကြရန်၊ လို အပ်ချက်အရ ထုတ်ပြန်ထားသော စည်းကမ်းချက်များကို အထူးဂရုစိုက် လိုက်နာသွားလာကြရန်၊ တိုက်ပွဲဖြစ်ရာနေရာအနီးသို့ အချိန်ကြာကြာ ရပ်နားခြင်း မပြုလုပ်ကြရန် တကောင်းပကဖက ထုတ်ပြန် သတိပေးထားသည်။
အလားတူ ယနေ့ မေလ ၅ ရက် ညနေ ၄ နာရီ မိနစ် ၄၀ ခန့်က မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီ(ပျူ)ရွာမှ အကြမ်း ဖက်စစ်သား၊ ပျူစောထီး များသည် မကျီးလေးပင်ရွာအား မီးရှို့ဖျက်ဆီးနေစဉ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း Middle Revolution Task Force- Drone တပ် ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို တပ်ရင်း ၁၇ ၊ တပ်ခွဲ ၂ Middle Revolution Task Force- Drone တပ်ဖွဲ့မှ ဦး ဆောင်ပြီး ဒေါင်းသွေးနီတပ်ဖွဲ့၊ လျှပ်စီးပြောက်ကျားတပ်ဖွဲ့၊ ကော်လံ ၁ PKU တပ်ဖွဲ့၊ သံမဏိသိမ်းငှက် တပ်ဖွဲ့၊ မုံရွာခရိုင် တပ်ရင်း ၁၂ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သား၊ ပျူစောထီး ထိခိုက်သေဆုံးမှု မသိရသေးကြောင်း သိရသည်။