Breaking News- ချင်းပြည်နယ်၊ မတူပီ စစ်ဗျူဟာ ဌာနချုပ်စခန်းကို CDF တပ်များက ဝင်ရောက်စီးနင်းတိုက်ခိုက်မှု စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ၁ ဦး၊ ဗိုလ် မှူး ၁ ဦးနှင့် စစ်သားယာဉ်မောင်း ၁ ဦး သေဆုံး
ရန်ကုန်၊ မေ ၅
ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ မတူပီ-ဟားခါးလမ်းမပေါ်တွင် အခြေစိုက်ထားသည့် စစ်ကောင်စီ၏ မဟာဗျူဟာ ဌာနချုပ် စခန်းကို CDF မတူပီ တပ်များက ယနေ့ ညနေပိုင်း ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်တပ်ဘက်မှ ဗျူဟာမှူး ဗိုလ်မှူးကြီး ၁ ဦး၊ ဗိုလ်မှူး ၁ ဦးနှင့် စစ်သားယာဉ်မောင်း ၁ ဦးသေဆုံးကြောင်း CDF- Matupi တပ်ရင်း ၁ ၏ ပြောခွင့်ရပုဂ္ဂိုလ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ မေလ ၅ ရက်နေ့ညနေ ( ၄)နာရီအချိန်တွင် CDF-Matupi တပ်ရင်း ၁ လင်းယုန်တပ်ရင်းက အထူးစစ်ဆင်ရေး အဖြစ် မတူပီ – ဟားခါး လမ်းမပေါ်တွင် အခြေစိုက်သည့် စစ်ကောင်စီတပ်၏ စစ်ဗျူဟာဌာနချုပ် စခန်းကို ၀င်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ စစ်ဆင်ရေးတွင် စစ်တပ်ဘက်မှ ဗိုလ်မှူးကြီးအဆင့် (မတူပီ ယာယီ စစ်ဗျူဟာမှူး)တစ်ဦး နှင့် ဗိုလ်မှူးတစ်ဦး၊ စစ်ဗျူဟာမှူး၏ ယာဉ်မောင်းတပ်သားတစ်ဦး စုစုပေါင်း ၃ ဦး ရှင်းလင်းနိုင်ခဲ့ပြီး MA 3 တစ်လက် ရရှိခဲ့ကြောင်း၊ CDF မတူပီတပ် ဘက်မှ အထိအခိုက်မရှိ ဆုတ်ခွါနိုင်ခဲ့ကြောင်း CDF- Matupi တပ်ရင်း ၁ ပြောခွင့်ရပုဂ္ဂိုလ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
“ဗျူဟာမှူး ဗိုလ်မှူးကြီးနဲ့ ဗိုလ်မှူး ၁ ဦး၊ ယာဉ်မောင်း တပ်သား ၁ ဦးကတော့ သေဆုံးပါတယ်။ သေနတ် ၁ လက် သိမ်းဆည်းနိုင်ခဲ့ပါတယ်” ဟု CDF- Matupi တပ်ရင်း ၁ ၏ ပြောခွင့်ရပုဂ္ဂိုလ်က ပြောဆိုသည်။
(မတူပီ စစ်ကောင်စီတပ်၏ စစ်ဗျူဟာဌာနချုပ် စခန်းတွင် သေဆုံးသွားသည့် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အကြောင်း မေလ ၆ ရက်နေ့ မြန်မာစံတော်ချိန်နံနက် ၇ နာရီအချိန်တွင် သတင်းအသေးစိတ် ဆက်လက်ဖော်ပြပါမည်။)