ချင်းပြည်နယ်တွင် ၂ လအတွင်း စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံး ၁၂၁ လုံးကျော် ကျဲချခဲ့ပြီး ပြည်သူ ၂၄ ဦး သေဆုံး
ရန်ကုန်၊ မေ ၉
ချင်းပြည်နယ်တွင် အကြမ်းဖက်စစ်ကောင်စီက မတ်လနှင့် ဧပြီလ ၂ လအတွင်း တိုက်လေယာဉ်ဖြင့် ဗုံးအလုံး စုစုပေါင်း ၁၂၁ လုံးကျော် ကျဲချတိုက်ခိုက်ခဲ့ပြီး CNF ရဲဘော် ၂ ဦးအပါအဝင် ပြည်သူ ၂၄ သေဆုံးကာ ၃၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Chin National Front – Headquarters က သတင်းထုတ် ပြန်သည်။
ထို့ပြင် ဗုံကျဲတိုက်ခိုက်ခံရမှုကြောင့် ခရစ်ယာန်ဘုရားကျောင်း ၄ ဆောင်အပါ အဝင် လူနေအိမ် အလုံး ၅၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း၊ အကြမ်းဖက်စစ်တပ်က ချင်းတိုင်းရင်းသား ပြည်သူများ နေထိုင်ရာ ကျေးရွာ ၄ ရွာအတွင်းသို့ ဗုံး ၂၂ လုံးကျော် ကျဲချခဲ့ကြောင်း၊ ကျန် ၉၉ လုံးမှာ ကျေးရွာအနီးအနားတွင် ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း Chin National Front – Headquarters ကဆိုသည်။
တိုက်လေယာဉ်များနှင့် ဗုံးကျဲတိုက်ခိုက်ခံရသည့် ချင်းပြည်နယ် မြို့များမှာ ထန်တလန် ၊ မင်းတပ်၊ ဖလမ်း၊ တီးတိန်၊ ဟားခါး မြို့တို့ ဖြစ်ကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာတွင် ထန်တလန်မြို့သည် မတ်အတွင်း ဗုံး ၃၂ လုံးနှင့် ဧပြီလအတွင်း ဗုံး ၈ လုံး၊ မင်းတပ်မြို့သည် မတ်လအတွင်း ဗုံး ၂ လုံးနှင့် ဧပြီလအတွင်း ၁၉ လုံး၊ ဖလမ်းမြို့သည် ဧပြီလအတွင်း ၁၇ လုံး၊ ဟားခါးမြို့တွင် ဧပြီလအတွင်း ၃၉ လုံး၊ တီးတိန်မြို့တွင် ဧပြီလအတွင်း ၄ လုံးကျဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Chin National Front – Headquarters က ထုတ်ပြန်ပြောဆိုထားသည်။
ဓာတ်ပုံ- စစ်ကောင်စီတပ်၏ တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ပျက်စီးသွားသော ချင်းတိုင်းရင်းသားကျေးရွာတစ်ခု။