မြောင်ရှိ ကျောက်ရစ် ရဲစခန်းကို ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး၊ စစ်ကိုင်းမြို့တွင် ပျူစောထီး တပ်ဖွဲ့ကို မိုင်းဆွဲ တိုက်ခိုက်
ရန်ကုန်၊ မေ ၁၁
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ ကျောက်ရစ် ရဲစခန်းကို ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း စစ်ကိုင်းခရိုင် အမှတ် ၄ တပ်ရင်း-MSPDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
မေလ ၉ ရက်နေ့ ညနေ ၃ နာရီကျော်ခန့်တွင် အကြမ်းဖက် စစ်တပ် အထိုင်ချထားသော ကျောက်ရစ် ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၆ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ မေလ ၁၀ ရက်နေ့တွင် ဒဏ်ရာရ စစ်သား ၆ ဦးထဲမှ ၁ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်အမှတ် ၄ တပ်ရင်း-MSPDFနှင့် မိတ္ထီလာခရိုင် တပ်ရင်းအမှတ် ၂ -MHLG PDFတို့ မှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် စစ်ကိုင်းမြို့နယ်၊ အုန်တောရွာနှင့် ဆားတောင်ရွာ အကြားတွင် ပျူစောထီး အဖွဲ့ကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း နယ်စီးမခြား စစ်ကိုင်းသားများ အဖွဲ့က တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
မေလ ၁၀ ရက်နေ့ ည ၁၁ နာရီ ၃၅ မိနစ်ခန့်တွင် စစ်ကိုင်းမြို့နယ်၊ အုန်တောရွာနှင့် ဆားတောင်ရွာ အကြားတွင် အင်အား ၃၀ ခန့်ရှိ ပျူစောထီးများကို စစ်ကိုင်းခရိုင်တပ်ရင်း ၂ ၊လက်အောက်ခံ တပ်ခွဲ ၄ ၊ စု ၂ ဖြစ်သော နယ်စီးမခြား စစ်ကိုင်းသားနှင့် မဟာမိတ်အဖွဲ့ဖြစ်သော ဆားတောင် မိုးကြိုး အဖွဲ့တို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ပြီး ပျူစောထီးများ ထိခိုက် သေဆုံးမှုရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။