33 C
Yangon

ထန်းတပင်မြို့နယ်၊ ခလရ ၇၃ တပ်ရင်းတွင် စစ်သားမိန်းမ သင်းသင်းမော်က လက်နက်ကြီး ပစ်ခတ်စဉ် ပေါက်ကွဲမှုဖြစ်ပြီး အရာရှိ၊ စစ်သည် များ သေဆုံးမှု အပါအဝင် သေဆုံးသူနှင့်ထိခိုက်ဒဏ်ရာရရှိသူ ၄၀ နီးပါးရှိ

Must read

ထန်းတပင်မြို့နယ်၊ ခလရ ၇၃ တပ်ရင်းတွင် စစ်သားမိန်းမ သင်းသင်းမော်က လက်နက်ကြီး ပစ်ခတ်စဉ် ပေါက်ကွဲမှုဖြစ်ပြီး အရာရှိ၊ စစ်သည် များ သေဆုံးမှု အပါအဝင် သေဆုံးသူနှင့်ထိခိုက်ဒဏ်ရာရရှိသူ ၄၀ နီးပါးရှိ

ရန်ကုန်၊ ဇွန် ၁၃

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့အခြေစိုက် အမှတ် ၇၃ ခြေလျင်တပ်ရင်းတွင် စစ်သားမိန်းမများကို စစ်သင်တန်းပေးပြီး လက်နက်ကြီးဖြင့် လက်တွေ့ပစ်ခတ်ခိုင်းစဉ် ပေါက်ကွဲမှုဖြစ်၍ ပစ်ခတ်သူ စစ်သားမိန်းမ သင်းသင်းမော် အပါအဝင် အရာရှိ၊ စစ်သည်များ အများအပြား သေဆုံးကြောင်း ဒေသ သတင်းရင်းမြစ်များထံမှ သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က တပ်ရင်းတပ်ဖွဲ့များရှိ စစ်သားများ၏ မိန်းမများကို စစ်သည်အမျိုးသမီးများအဖြစ် သတ်မှတ်၍ လက်နက်ကြီးနှင့်လက်နက်ငယ် ပစ်ခတ်မှု သင်တန်းများပေးခြင်း၊ တပ်ရင်းတပ်ဖွဲ့၏ လုံခြုံရေးအတွက် ကင်းစောင့်ခိုင်းခြင်း၊ မြို့ပြများတွင် ကင်းလှည့်ခိုင်းခြင်းများ လုပ်ဆောင်ခိုင်းကြောင်း၊ ထိုသို့ လုပ်ဆောင်ခိုင်းစဉ် ဇွန်လ ၈ ရက်နေ့ ညပိုင်း၊ ဇရပ်ကြီးမြို့ အမှတ် ၇၃ ခြေလျင်တပ်ရင်းမှ အမျိုးသမီးစစ်သည်လည်းဖြစ်၊ စစ်သား မိန်မလည်းဖြစ်သူ သင်းသင်းမော်က ၈၁ မမ စိန်ပြောင်းဖြင့် PDF များရှိနိုင်သည်ဟု ယူဆရသော ကျေးရွာများသို့ ပစ်ခတ်စဉ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ၊ ယင်းပေါက်ကွဲမှုကြောင်း အရာရှိ၊ စစ်သည်များ သေဆုံးမှု အပါအဝင် စစ်သည် ၄၀ နီးပါး ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်း သိရှိရသည်။

“စစ်သည်ရဲ့ ဇနီး သင်းသင်းမောင်က ၈၁ မမ စိန်ပြောင်းကို ပစ်ခတ်တာ။ ပစ်တာကလည်း ရွာတွေဘက်နဲ့ PDF တွေရှိတဲ့နေရာကို ညတိုင်း ရမ်းသမ်းပစ်နေတာ။ အဲဒီမှာ ဖြစ်ချင်တော့ သင်းသင်းမော် ပစ်တဲ့ ၈၁ မမ ကျည်မထွက်ဘဲ စိန်ပြောင်းထဲမှာပဲ ကွဲတာ။ အဲဒါ ပစ်ခတ်သူ သင်းသင်းမော် ပွဲချင်းပြီးတယ်။ ဒုတပ်ကြပ်ကျော်ဦး သေတယ်။ အရာရှိတွေလည်း သေတယ်။ သေဆုံးနဲ့ ထိခိုက်တာ စုစုပေါင်း ၄၀ နီးပါးရှိတယ်။ စိန်ပြောင်း ပစ်ခတ်ရင်း သေဆုံးသူ သင်းသင်းမော်က ကျီတော်ရွာသူဖြစ်ပါတယ်။ တပ်ရင်းတပ်ဖွဲ့တွေမှာ အမျိုးသားစစ်သည်တွေက ရှေ့တန်းထွက်ရတော့ နောက်တန်းချန် အိမ်ထောင်သည် ဇနီးမယားတွေကို စစ်သင်တန်းပေးပြီး လက်နက်ကြီးတွေ ပစ်ခိုင်းရင်း ဖြစ်တာ” ဟု ဒေသဆိုင်ရာ တပ်ဘက်သတင်းရင်းမြစ်က ပြောသည်။

အဆိုပါ ဖြစ်စဉ်ဖြစ်ပွားပြီးနောက် စစ်တပ်က ယင်းသတင်းကို မပေါက်ကြားစေရန် ပိတ်ဆို့ အမှောင်ချခဲ့သော်လည်း သေဆုံးသူ စစ်သည်နှင့်အရာရှိများမှာ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့ အပိုင်ကျေးရွာမှ ဒေသခံများဖြစ်၍ သတင်းမှာ ပြန့်နှံ့သွားကြောင်း သိရှိရသည်။

“သေဆုံးသွားတဲ့ ဒုတပ်ကြပ်ကျော်ဦးက တပြေးရွာသား ၊ ကျီတော်ရွာသူ သင်းသင်းမော်နဲ့ ကျီတော်ရွာသား စစ်သည်တွေလည်း သေတဲ့အထဲပါသွားတယ်။ သေသွားတဲ့သူတွေက အနီးအနားပတ်ဝန်းကျင်က ရွာသူရွာသား စစ်သည်တွေပါနေတာ” ဟု ဒေသဆိုင်ရာ သတင်းရင်းမြစ်က ရှင်းပြသည်။

ခလရ ၇၃ တပ်ရင်းတွင် လက်နက်ကြီး ပစ်ခတ်စဉ် ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူများကိုလည်း ဆေးရုံတွင် ဆေးဝါးကုသပေးလျက်ရှိပြီး စိုးရိမ်ရဒဏ်ရာရရှိသူများလည်း ပါဝင်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ခလရ ၇၃ တပ်ရင်းတွင် ၈၁ မမ စိန်ပြောင်း ပစ်ခတ်ရင်း ပေါက်ကွဲမှုကြောင့် ကွယ်လွန်သူ စစ်သားမိန်းမ သင်းသင်းမော်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article