ထန်းတပင်မြို့နယ်ရှိ စစ်တပ်၏ တပြေးစခန်းကို ဆိုင်ကယ်ဖြင့် လာရောက်ပစ်ခတ်မှု တပ်ကြပ်ကြီး ၁ ဦးသေဆုံး
■ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ထိုလွိဝါး ဆေးရုံနှင့် စာသင်ကျောင်း ကို ထိမှန်ခဲ့ပြီး ကျောင်းသား ၃ ဦး ထိခိုက် ဒဏ်ရာရ
ရန်ကုန်၊ ဇွန် ၁၅
ပဲခူးတိုင်း ထန်းတပင်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ တပြေးစခန်းကို ဇွန်လ ၁၄ ရက်နေ့ ညပိုင်းတွင် ဆိုင်ကယ်ဖြင့် အမည်မသိ သေနတ်သမား ၃ ဦး လာရောက်ပစ်ခတ်ခဲ့ပြီး တပ်ကြပ်ကြီး ၁ ဦး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ပြောကြားသည်။
” ဆိုင်ကယ်နဲ့ အမည်မသိ သေနတ်သမား ၃ ယောက်က တပြေးစခန်းလမ်းဆုံမှာနေတဲ့ စစ်သားကို ဝင်ပစ်တာ။ စစ်သားကတော့ ည၈နာရီလောက်မှာ အပစ်ခံရပြီး ၁၁နာရီ မှာသေသွားတယ်။ စခန်းအနီး ဈေးဆိုင်က အသက် ၂၂ နှစ်အရွယ် မနှင်းရွှေစင်လည်း ခြေတောက်ကို သေနတ်ကျည် ထိမှန် ဒဏ်ရာရတယ်”ဟု ဒေသပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ယင်းသို့ အပစ်ခံရပြီးနောက် အကြမ်းဖက် စစ်တပ်က တပြေးစခန်းအရှေ့ဘက်မှ လက်နက်ကြီး ၃ လုံးနှင့် ရှားစေးဘိုစခန်းမှ လက်နက်ကြီး ၄ လုံး ပစ်ခတ်ခဲ့ကြောင်း၊ အဆိုပါ ပစ်ခတ်မှုကြောင့် တောကုန်းကျေးရွာ ထိုလွိဝါး ဆေးရုံနှင့် စာသင်ကျောင်းတို့ကို ထိမှန်ခဲ့ပြီး ကျောင်းသား ၃ ဦး ထိခိုက် ဒဏ်ရာရရှိကာ ၁ ဦးစိုးရိမ်ရကြောင်း သိရသည်။
” ရှားစေးဘိုစခန်းမှ ပစ်တဲ့လက်နက်ကြီး ၂လုံး တောကုန်းကျေးရွာ ထိုလွိဝါး ဆေးရုံနဲ့စာသင်ကျောင်းထဲ ကျရောက်ပေါက်ကွဲပြီးကျောင်းသား ၃ဦး ဦးခေါင်းနှင့် လက် ကိုထိခိုက်ဒဏ်ရာရ ။ တစ်ဦး စိုးရိမ်ဒဏ်ရာရတယ်။ အဲ့ဒီကျောင်းမှာ အထက်တန်းကျောင်းတွေ ဖြစ်ပြီး ကျောင်းသားဦးရေ ၁၀၀၀ကျော်ရှိတယ်။ အဲ့ကျောင်းက KNUရဲ့ အသက်ပဲ။ ထန်းတပင်နယ်ထဲ အဲဒီကျောင်းရှိလို့ စစ်ရေးဖော်လို့ခက်တာ။ ထန်းတပင်မြို့နားကိုစစ်ဆင်ရေးမဖော်ခိုင်းဘူး ကျောင်းထိမှာဆိုးပြီး စစ်တပ်ကညက ထုထည့်လိုက်တာ”ဟု ဒေသပြည်သူ တစ်ဦးမှ ပြောပြသည်။
အကြမ်းဖက် စစ်တပ်၏ တပြေးစခန်းသည် ထန်းတပင်မြို့အဝင် လမ်း ၃ ခုအစုံတွင် တည်ရှိသော စခန်းဖြစ်ကြောင်း၊ ထန်းတပင်မြို့သို့ ဝင်ရောက်လျှင် ၎င်းစခန်းကို ဖြတ်သန်းရကြောင်း သိရသည်။