ရန်ကုန်၊ ဇူလိုင် ၁၂
ပြင်ဦးလွင်တွင် အနီးစခန်းလေဆိပ်ကို အသစ်ပြင်ဆင်တိုးချဲ့ ဖွင့်လှစ်လိုက်ခြင်းကြောင့် သားဖြစ်သူ လုပ်ကိုင်နေသော ရတနာပုံမြို့သစ်စီမံကိန်းသည် ကမ္ဘာ့အဆင့်မီ Silicon Valley ဖြစ်လာမည်ဖြစ်ပြီး အနီးစခန်းလေဆိပ်မှာ အဓိက လေကြောင်းတံခါးပေါက် ဖြစ်လာမည်ဟု အကြမ်းဖက် မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။
ဇူလိုင်လ ၁၁ ရက်နေ့ ပြင်ဦးလွင်မြို့ရှိ အဆင့်မြှင့်တင်တည်ဆောက်ပြီးစီးခဲ့သော အနီးစခန်းလေဆိပ် ဖွင့်ပွဲအခမ်းအနားတွင် အကြမ်းဖက် မင်းအောင်လှိုင်က ရတနာပုံဆိုက်ဘာစီးတီးကို ကမ္ဘာ့အဆင့်မီ Silicon Valley တစ်ခုအဖြစ် ဖော်ဆောင်ရာတွင် အနီးစခန်းလေဆိပ်သည် အဓိကကျသော လေကြောင်းဆက်သွယ်ရေးတံခါးပေါက် ဖြစ်လာမည်ဟု ပြောဆိုသည်။
အနာဂတ်တွင်လည်း အနီးစခန်းလေဆိပ်ကို လေယာဉ်ကြီးများ ဆင်းသက်နိုင်သည့် ခေတ်မီလေဆိပ်တစ်ခုအဖြစ် ဆက်လက်အဆင့်မြှင့်တင်သွားမည်ဟု ၎င်းက ဆိုသည်။
ပြင်ဦးလွင်မြို့သို့ ခရီးသွားဧည့်သည်များ အချိန်တိုအတွင်း အဆင်ပြေချောမွေ့စွာ လာရောက်နိုင်ရေးနှင့် လေဆိပ်တစ်ခု၏ အင်္ဂါရပ်များ ပြည့်စုံစေရေးအတွက် ၂၀၂၃ ခုနှစ်မှစတင်၍ အနီးစခန်းလေဆိပ် အဆင့်မြှင့်တင်ရေးစီမံကိန်းကို အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က ပြောဆိုသည်။
အဆိုပါ စီမံကိန်းအရ တစ်နှစ်လျှင် ခရီးသည် ၁၀၀,၀၀၀ ဝင်ထွက်အသုံးပြုနိုင်သော နှစ်ထပ်လေဆိပ်အဆောက်အအုံသစ်၊ Boeing 737-800 အမျိုးအစား လေယာဉ် ၃ စီး တစ်ပြိုင်နက် ရပ်နားနိုင်သည့် လေယာဉ်ရပ်နားနေရာနှင့် လေကြောင်းထိန်းမျှော်စင်သစ်တို့ကို တည်ဆောက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် လေယာဉ်ဆင်းသက်မှု အထောက်အကူပြု လမ်းညွှန်စက်များ၊ လေယာဉ်ပြေးလမ်း မီးအလင်း ရောင်စနစ်များနှင့် လေကြောင်းလမ်းညွှန်စနစ်များကိုလည်း တပ်ဆင်ထားကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က ပြောဆိုသည်။
အနီးစခန်းလေဆိပ် ဖွင့်လှစ်နိုင်ခြင်းကြောင့် ပြည်တွင်း၊ ပြည်ပမှ နည်းပညာရှင်များနှင့် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ရတနာပုံဆိုက်ဘာစီးတီးသို့ လျင်မြန်စွာ သွားလာနိုင်မည်ဖြစ်ပြီး နိုင်ငံ၏ နည်းပညာဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒစ်ဂျစ်တယ်စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်ဖြင့် အထောက်အကူပြုနိုင်မည်ဟု ၎င်းက ဆိုသည်။
အလားတူ ပြင်ဦးလွင်ဒေသထွက် ပန်းမန်များ၊ ကော်ဖီ၊ စတော်ဘယ်ရီနှင့် အခြား လတ်ဆတ်မှုလိုအပ်သည့် အရည်အသွေးမြင့် စိုက်ပျိုးရေးထုတ်ကုန်များကို လေကြောင်းကုန်စည်ပို့ဆောင်ရေးစနစ်ဖြင့် ပြည်တွင်းသာမက ပြည်ပဈေးကွက်များသို့ အချိန်နှင့်တစ်ပြေးညီ တိုက်ရိုက်တင်ပို့နိုင်မည်ဖြစ်ကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က ဆက်လက်ပြောဆိုသည်။
အနာဂတ်တွင် အနီးစခန်းလေဆိပ်ကို လေယာဉ်ကြီးများ ဆင်းသက်နိုင်သည့် ခေတ်မီလေဆိပ်တစ်ခုအဖြစ် ဆက်လက်တိုးချဲ့ရန် စီစဉ်ထားပြီး လေယာဉ်များ အမြန်ဝင်ထွက်နိုင်သော Taxiway များ၊ ကုန်တင်လေယာဉ်ရပ်နားနေရာများနှင့် ကုန်စည်သိုလှောင်ရုံများအပါအဝင် အခြေခံအဆောက်အအုံများကို အဆင့်ဆင့် တည်ဆောက်အဆင့်မြှင့်တင်သွားမည်ဟု သိရသည်။
အနီးစခန်းလေဆိပ် အဆင့်မြှင့်တင်ရေးလုပ်ငန်းသည် အရေးပါသော အခြေခံအဆောက်အအုံစီမံကိန်းတစ်ခုဖြစ်ပြီး အစိုးရသစ်၏ ပထမရက် ၁၀၀ စီမံကိန်းအတွင်း အကောင်အထည်ဖော်ခဲ့ခြင်းဖြစ် ကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က ပြောဆိုကာ လေဆိပ် ရေရှည်တည်တံ့ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍ တိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန် ပြောဆိုခဲ့ကြောင်း သိရှိရသည်။
အကြမ်ဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မေလ ၃၀ ရက်နေ့မှ ဇွန်လ ၃ ရက်နေ့အထိ အိန္ဒိယခရီးစဉ်နှင့် ဇွန်လ ၁၅ ရက်နေ့မှ ဇွန်လ ၁၉ ရက်နေ့အထိတရုတ်ခရီးစဉ်များတွင် တရုတ်နှင့်အိန္ဒိယလုပ်ငန်းရှင်များ၊ကုမ္ပဏီများကို တွေ့ဆုံကာ ရတနာပုံမြို့သစ်စီမံကိန်းတွင် လာရောက် ရင်းနှီးမြှုပ်နှံကြရန်၊ အခွန်ကင်းလွတ်ခွင့်၊ မြေယာငှားရမ်းခွင့်၊ လုပ်ငန်းလုပ်ပိုင်ခွင့် များ ချထားပေးမည်ဟု မင်းအောင်လှိုင်က ပရိုမိုးရှင်းဆင်း ဖိတ်ခေါ်ခဲ့သော်လည်း မည်သူကမှ လာရောက်ရင်းနှီးမြှုပ်နှံခြင်းမရှိပေ။
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်တွင် မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံက ရတနာပုံမြို့သစ်စီမံကိန်း ခေါ် New Mandalay Resort City စီမံကိန်း ကို ပြန်လည် အကောင်အထည်ဖော်နေခြင်းဖြစ် သည်။
ရတနာပုံမြို့သစ်စီမံကိန်းတွင် အောင်ပြည့်စုံက အိမ်ရာစီမံကိန်းအပြင် မြို့သစ်စီမံကိန်းတစ်ခုလုံး၏ ရေ၊မီး၊ လမ်းနှင့် အခြေခံ အဆောက်အအုံများကို တည်ဆောက်ခွင့်နှင့် လုပ်ပိုင်ခွင့်ရရှိထားသည်။
မန္တလေးတိုင်း ဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ သုံးတောင်ကျေးရွာအနီးရှိ မြေဧက ၁ သောင်းတွင် ရတနာပုံမြို့သစ်စီမံကိန်းကို ၂၀၁၆ ခုနှစ်တွင် ပြနလည်စတင်အကောင်အထည်ဖော်ခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် ဆက်လက် အကောင် အထည်ဖော်ရန် ကြိုးပမ်းနေစဉ် ရပ်ဆိုင်းခဲ့ကြောင်း၊ NLD အစိုးရက အထက်မြန်မာပြည် အစိမ်းရောင်နှင့် နည်းပညာဖွံ့ဖြိုးရေး ဗဟိုပြု အပန်းဖြေဝန် ဆောင်မှုမြို့သစ် ဖန်တီးရန် ရည်ရွယ်ချက်ဖြင့် အဆိုပါ စီမံကိန်းကို စတင်ခဲ့သော်လည်း ၂၀၂၀ ခုနှစ်တွင် ပြန်လည် ရပ်ဆိုင်းခဲ့ကြောင်း သိရှိရသည်။
ယခုအခါ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရတနာပုံမြို့သစ်စီမံကိန်းကို ပြန်လည် စတင်ခိုင်းနေပြီး ဆောက်လုပ်ရေးဝန်ကြီး ဦးဆောင်သော အဖွဲ့ဝင် ၁၂ ဦးပါ ရတနာမြို့သစ်စီမံကိန်း ကြီးကြပ်မှု ကော်မတီကို ၂၀၂၅ ခုနှစ် ဩဂုတ်လ ၃၀ ရက်နေ့ ဖွဲ့စည်းခဲ့ကြောင်း၊ ယင်းစီမံကိန်းတွင် စစ်တပ်နှင့်နီးသော ခရိုနီများ လုပ်ကိုင်ခွင့်ရရှိမည့်အပြင် လတ်တလော မင်းအောင်လှိုင်၏ သား အောင်ပြည့်စုံက ဆေးရုံ၊ လမ်းနှင့် အခြေခံအဆောက်အအုံများ တည်ဆောက်ခွင့်ရရှိထားကြောင်း သိရှိရသည်။
ပြင်ဦးလွင်မြို့ကို အထက် မြန်မာပြည်၏ အစိမ်းရောင်နှင့်နည်းပညာ ဖွံ့ဖြိုးရေးဗဟိုပြု အပန်းဖြေဝန် ဆောင်မှုမြို့ (Green and Smart City) ဖန်တီးရန်ဖြစ်ပြီး ရည်ရွယ်သော အဆိုပါ ရတနာပုံမြို့သစ်စီမံကိန်းကို မြို့ပြစီမံချက်များလည်း ရေးဆွဲပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။
ရတနာပုံမြို့သစ်စီမံကိန်းတွင် စိုက်ပျိုးရေးကို အခြေခံသော Agro-Based Industrial Zone Research and Development Center တစ်ခု ထူထောင်ရန် ၊ Education and Health Services/ Tourism Center ပါဝင်မည်ဖြစ်ပြီး ဆေးရုံများလည်း ပါဝင်ဖြစ်ကြောင်း ၊ ယခင် NLD အစိုးရလက်ထက်က စီမံကိန်း ၃ ပိုင်း ပါဝင်ပြီး စီမံကိန်းအဆင့် ၁ တွင် ဧက ၂၂၀၀ ပါဝင်ကြောင်း၊ စီမံကိန်း အပိုင်း ၂ တွင် ၂၉၁၉ ဧက ပါဝင်ပြီး စီမံကိန်းအပိုင်း ၃တွင် ၄၇၄၄ ဧက ပါဝင်ကာ စက်မှုဇုန်များ၊ အဆင့်မြင့် လူနေ အိမ်ရာ၊ တန်ဖိုးမျှတအိမ်ရာ ၊ ဂေါက်ကွင်း ၊ စိုက်ပျိုးရေးဇုန်နှင့် AGRO PARK ဧရိယာများ ပါဝင်မည်ဖြစ်ကြောင်း သိရှိရသည်။
ရတနာပုံမြို့သစ် စီမံကိန်းကို ယခင်အာဏာရှင်ဟောင်း သန်းရွှေ လက် ထက် ၂၀၀၆ ခုနှစ် ဇွန်လတွင် စတင် အကောင်အထည်ဖော်ခဲ့ပြီး ရပ်ဆိုင်းသွားခဲ့ကြောင်း၊ ယင်းနောက် NLD အစိုးရလက်ထက် ရတနာပုံမြို့သစ်စီမံကိန်းကို ၂၀၁၆ခုနှစ်တွင် ပြန်လည်အကောင် အထည်ဖော်ခဲ့သော်လည်း မအောင်မြင်သောကြောင့် ၂ဝ၂ဝပြည့်နှစ်ကာလအတွင်း ရပ်ဆိုင်းသွားသော စီမံကိန်းတစ်ခုဖြစ်သည်။




