ခင်ဦး၊ ယာတော်ရွာကို စစ်တပ်က ပစ်ခတ် စီးနင်းပြီး နေအိမ်များကို မီးရှို့ဖျက်ဆီး၊ ကျေးရွာ ၈ ရွာကျော်က ပြည်သူ ၄၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးနေရ
ရန်ကုန်၊ ဇွန် ၁၈
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ယာတော်ရွာကို အကြမ်းဖက် စစ်တပ်က ပစ်ခတ် စီးနင်းပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ယနေ့ ဇွန်လ ၁၈ ရက်နေ့ နံနက် ၅ နာရီခွဲခန့်တွင် ရေဦးမြို့နယ်၊ ကြာပန်းညိုရွာမှလာသည့် အကြမ်းဖက် စစ်တပ်၏ အင်အား ၂၀၀ ခန့်ပါ စစ်ကြောင်းသည် ခင်ဦးမြို့နယ်သို့ စစ်ကြောင်းထိုးကာ လက်နက်ကြီး ငယ်များနှင့် ပစ်ခတ်ပြီး ခင်ဦးမြို့နယ်၊ ယာတော်ကျေးရွာသို့ ဝင်ရောက် မီးရှို့ဖျက်ဆီးနေကာ ပြည်သူအချို့ကို ဓားစာခံအဖြစ် ဖမ်းဆီးထားကြောင်း သိရှိရသည်။
ယင်းအကြမ်းဖက် စစ်တပ်သည် ယာတော်ကျေးရွာအနီးရှိ ကျွန်တောကြီးကျေးရွာအတွင်းသို့လည်း လက်နက်ကြီး လက်နက်ငယ်များဖြင့် နံနက် ၇ နာရီအချိန်တွင် ပစ်ခတ်ဝင်ရောက်နေကြောင်း သိရသည်။
“ဓားစားခံဖမ်းခံရတဲ့ ပြည်သူတွေတော့ရှိတယ်ကြားတယ် အရေအတွက်တော့ အတိအကျမသိရသေးဘူး။ ယာတော်နဲ့ ကျွန်းတောကြီးမှာတော့ ခွေးတွေရှိသေးတယ်။ မီးရှို့တာ ယာတော်တော့ ၄ ၊၅လုံးလောက်တော့ပါသွားပြီ ထင်တယ် ခန့်မှန်းခြေ” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် ယာတော်ကျေးရွာအပါအဝင် သရက်ပင်စုရွာ ၊ကားဆိပ်ရွာ ၊မကျီးအုပ်ရွာ ၊မြင်းဒေါင်းရွာ၊ကျွန်းတောကြီးရွာ ၊ဥယျဥ်ရွာနှင့် မြင်းကျရွာ စသည့် ကျေးရွာ ၈ ရွာမှ ဒေသခံပြည်သူ ၄၀၀၀ ကျော်သည် ဘေးလွတ်ရာသို့ နံနက် မိုးမလင်းခင် အချိန်ကတည်းက ထွက်ပြေးတိမ်းရှောင်နေရကြကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။