တောင်ငူခရိုင်၊ သံတောင်-ဘောဂလိလမ်းဘေးရှိ ချောင်းနှစ်ခွကျေးရွာတွင် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ကျရောက်သဖြင့် ပြည်သူ ၁ ဦးသေ ဆုံးပြီး ၁ ဦး အပြင်းအထန်ဒဏ်ရာရကာ ဆေးကုသစရိတ် လိုအပ်နေ
ရန်ကုန်၊ ဇွန် ၁၈
ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ တပ်မဟာ ၂ နယ်မြေ သံတောင်-ဘောဂလိလမ်း ချောင်းနှစ်ခွရွာတွင် စစ်တပ် ပစ်ခတ်သော လက်နက် ကြီး ကျရောက်သဖြင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၁ ဦး အပြင်းအထန် ဒဏ်ရာရကာ အရေးပေါ် ဆေးကုသစရိတ် လိုအပ်နေကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၁၇ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်အချိန် တောင်ငူခရိုင်၊ တပ်မဟာ ၂ နယ်မြေ သံတောင်-ဘောဂလိလမ်း ချောင်းနှစ်ခွရွာသို့ စစ်တပ်က လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိပစ်ခတ်ရာ ကျေးရွာအတွင်းရှိ ပြည်သူများ၏ နေအိမ်များ ထိမှန်ခဲ့ကြောင်း ၊ လက်နက်ကြီးထိမှန်မှုကြောင့် အသက် ၆၀ နှစ်အရွယ် နော်ယွာအယ်ဖောသည် ဦးခေါင်းကိုလက်နက်ကြီးအစ ဝင်၍ သေဆုံး ကြောင်း၊ အသက် ၃၈ နှစ် အရွယ် စောခိုကလိုထူးမှာ ပေါင်ကို လက်နက်ကြီး အစထိမှန်၍ လက်ရှိ တွင် ပြင်းထန်ဒဏ်ရာဖြင့် ဆေးကုသမှု ခံယူနေရကြောင်း သိရှိရသည်။
“ဇွန်လ ၁၇ ရက်နေ့ နံနက်ပိုင်းမှာ တော်လှန်ရေး အဖွဲ့တွေက ၁၆ မိုင်စခန်း ကို သွားပစ်တယ်။ အဲဒါကို လက်စားချေတဲ့အနေနဲ့ စစ် ခွေးတွေက ရွာထဲ ကို ပစ်ထည့်တာ။ တစ်ဦးသေပါတယ်။ ပြည်သူတစ်ဦး ကတော့ ဒဏ်ရာ အပြင်းအထန်ရရှိထားတာ။ အရေးပေါ် အကူအညီလို အပ်နေ ပါတယ်” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ဆိုသည်။
စစ်တပ်၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာ အပြင်းအထန် ရရှိထား သော အသက် ၃၈ နှစ် စောခိုကလိုထူး ကို ဆေးဝါးကုသစရိတ် ထောက်ပံ့လိုပါက Signal နံပါတ် +959777357921 ကို ဆက်သွယ် အကူအညီပေးနိုင်ကြောင်း သိရှိရသည်။