ရေးမြို့နယ်၊ ကျောက်အိုင်ရွာကို ခလရ ၃၁ က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီးနောက် တပ်ရေးဗိုလ်ကြီး ဇော်မျိုးအောင်က မိသားစုဝင် များကို ငွေကျပ် ၂ သိန်း လာပေးသွား
ရန်ကုန်၊ ဇွန် ၁၈
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့ရှိ ကျောက်အိုင်ရွာကို အကြမ်းဖက် စစ်တပ်၏ ခလရ ၃၁ က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီးနောက် တပ်ရေးဗိုလ်ကြီး ဇော်မျိုးအောင်က မိသားစုဝင်များကို ငွေကျပ် ၂ သိန်း လာပေးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇွန်လ ၁၆ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ခန့်တွင် ခေါဇာမြို့ အခြေစိုက် ခလရ ၃၁ က ကျောက်အိုင်ရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကျေးရွာနေပြည်သူ အသက် ၄၀ နှစ်အရွယ် မိထွေးကြည် လက်နက်ကြီး ကျည်စ ဦးခေါင်းကို ထိမှန်ကာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် သတ်ဖြတ်ပြီးနောက် ယနေ့ ဇွန်လ ၁၈ ရက်နေ့တွင် ခလရ ၃၁ မှ တပ်ရေး ဗိုလ်ကြီးဇော်မျိုးအောင်က မိသားစုဝင်များကို ငွေကျပ် ၂ သိန်း အတင်းပေးသွားကြောင်း သိရှိရသည်။
“ရေး ဘက်မှာ ခလရ ၃၁ က လက်နက်ကြီးနဲ့ပစ်လို့ ကျောက်အိုင်ရွာက အမျိုးသမီး ၁ ဦးသေဆုံးသွားတယ်။ ဒီနေ့မှာ ခလရ ၃၁ က တပ်ရေးဗိုလ်ကြီး ဇော်မျိုးအောင်က မိသားစုဝင်တွေကို ပိုက်ဆံ ၂ သိန်း လာပေးသွားတယ်လို့ သိရတယ်။ အတင်းကို လာပေးသွားပြီး ကျေအေးပေးပို့လည်း ပြောသွားတယ်လို့သိရတယ်” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။
ဓာတ်ပုံ ၁ ၊ ၂ – မွန်အင်္ကျီဝတ်ဆင်ထားသော တပ်ရေးဗိုလ်ကြီး ဇော်မျိုးအောင်အား တွေ့ရစဥ်