ရန်ကုန်မြို့၊ ဒေါပုံရဲစခန်းကို ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်၊ ယမန်နေ့ညပိုင်း ရန်ကုန်ရှိ စစ်တပ်ခြေမြန်တပ်ရင်း၊ တရားရုံးနှင့် ရဲစခန်း တို့ကို ဖောက်ခွဲ တိုက်ခိုက်ခဲ့ဟု မြို့ပြပြောက်ကျားအဖွဲ့ ၃ ခုက ကြေညာ
ရန်ကုန်၊ ဇွန် ၁၉
ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ် မြို့မရဲစခန်းကို ယနေ့ ညနေပိုင်းတွင် ဗုံးဖြင့် ပစ် ခတ် တိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်မြို့ပြ တော်လှန်ရေးအဖွဲ့တစ်ခုက ပြော ဆို သည်။
ယနေ့ ညနေ ၄ နာရီ ၁၅ မိနစ်အချိန်တွင် ဒေါပုံမြို့နယ် မြို့မရဲစခန်းကို ဗုံးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ရဲစခန်း၏ အနောက်ဘက်ခြမ်း ကင်းတဲကိုလည်း ပစ် ခတ်တိုက်ခိုက်ခဲ့ကြောင်း အဆိုပါအဖွဲ့က ဆိုသည်။
ထို့ပြင် ရန်ကုန်တိုင်း မြို့နယ်များတွင် ယမန်နေ့ညပိုင်း ဖောက်ခွဲမှုများသည် ၎င်းတို့လက်ချက်ဟု မြို့ပြပြောက်ကျားအဖွဲ့ ၃ ခုဖြစ်သော Anonymous Fighters Force AFF၊ Freeland Attack Force FLA နှင့် Emerald Gins Amy – EGA တို့က ထုတ်ပြန်ကြေညာလိုက်ကြောင်း အဆိုပါအဖွဲ့မှ တာဝန် ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ရန်ကုန်၊ လှိုင်သာယာမြို့နယ်၊ ဒေါပုံမြို့နယ်နှင့် မြောက်ဒဂုံ မြို့နယ်တို့ရှိ ခြေမြန်တပ်ရင်း၊ တရားရုံးနှင့် ရဲစခန်း တို့ကို ယမန်နေ့ညပိုင်း ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း ရန်ကုန် UG အဖွဲ့များက ပြောသည်။
ဇွန်လ ၁၈ ရက်နေ့ ည ၈ နာရီ ၅၂ မိနစ်တွင် လှိုင်သာယာမြို့နယ် ရန်ကုန် – ပုသိမ်ကားလမ်းမပေါ် တပ်ထိပ်ရှိ အကြမ်းဖက် စစ်တပ်၏ ခြေမြန်တပ်ရင်း ခမရ ၅၃၂ တပ်ရင်း အနီးတွင် စတင်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။
ထို့နောက် ယမန်နေ့ ည ၉ နာရီ နောက်ပိုင်း၌ ဒေါပုံမြို့နယ် အရှေ့ပိုင်းခရိုင် တရားဥပဒေရုံး နှင့် မြောက်ဒဂုံမြို့နယ် ၄၈ ရပ်ကွက် ဘုရင့်နောင်လမ်းနှင့် အောင်ဆန်းသူရိယလှသောင်းလမ်းထောင့်ရှိ အကြမ်းဖက် စစ်ကောင်စီ၏ ထားဝယ်ချောင်ရဲစခန်းတို့ကို ဆက်လက် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ UG ရဲဘော်များ ပစ်မှတ်မြို့နယ်များမှ ဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့ပြီး ပျက်စီး ထိခိုက်မှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Anonymous Fighters Force AFF၊ Freeland Attack Force FLA နှင့် Emerald Gins Amy – EGA တို့က ဗုံး ၉ လုံး အသုံးပြု၍ ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ရန်ကုန်တွင် ကင်းလှည့်နေသည့် အကြမ်းဖက်စစ်သားများ။ (ပုံအဟောင်းဖြစ်သည်။)