ရန်ကုန်၊ မေ ၁၈
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် တရုတ်ယန်စီကုမ္ပဏီမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်း ၂၀ ကျော်ဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ် ၁ ဦး အပါအဝင် စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း ပွဲတိုင်းကျော် လက်နက်ကြီးတပ်ဖွဲ့မှ တာဝန်ခံ ကိုဖြိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
မေလ ၁၇ ရက်နေ့တွင် ဆားလင်းကြီးမြို့နယ် တရုတ်ယန်စီကုမ္ပဏီမှ ထွက်လာသော အင်အား ၁၀၀ ကျော်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် ယင်းမာပင်မြို့မှ ထွက်လာသော အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းသည် ယန်စီကုမ္ပဏီနှင့် ယင်းမာပင်မြို့ကို ဆက်သွယ်ထားသော လမ်းပိုင်းကို ရောက်ရှိလာစဉ် တော်လှန်ရေးရဲဘော်များက မိုင်း ၂၀ လုံးကျော်ဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုမိုင်းဆွဲ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်ဗိုလ် ၁ ဦး အပါအဝင် စစ်သား ၅ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသော စစ်သားများကို မုံရွာမြို့ဘက်သို့ သယ်ဆောင်သွားပြီး စစ်တပ်က လမ်းတောက်လျောက်တွင် လက်နက်ငယ်များ၊ ၆၀ မမဗုံးများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ပြီး ယန်စီကုမ္ပဏီဘက်မှလည်း လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ကြောင်း သိရှိရသည်။
“ယန်စီက ထွက်လာတဲ့ အင်အား ၁၀၀ကျော်ပါတဲ့ စစ်ခွေး စစ်ကြောင်းနဲ့ ယင်းမာပင်မြို့ကနေ ထွက်လာတဲ့ အင်အား ၁၀၀ ကျော်ပါ စစ်ခွေးစစ်ကြောင်းကို ကျွန်တော်တို့ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက ယန်စီကုမ္ပဏီနဲ့ ယင်းမာပင်မြို့ကို ဆက်သွယ်ထားတဲ့လမ်းပိုင်းမှာ စစ်ခွေးစစ်ကြောင်း ၂ ခုလုံးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့တာပါ။ ကျွန်တော်တို့ မိုင်း ၂၀ ကျော်နဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ ဗိုလ်အဆင့်ရှိသူ ၁ ဦး အပါအဝင် ၅ ယောက်သေဆုံးသွားတယ်။ မုံရွာမြို့ ဘက်ကို ချက်ချင်းသယ်သွားတယ်လို့ သိရတယ်။ စစ်ခွေးဘက်ကတော့ လက်နက်ခဲယမ်း သိမ်းဆည်းရမိတာမျိုးမရှိပါဘူး။ ကျွန်တော်တို့ ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်”ဟု ပွဲတိုင်းကျော် လက်နက်ကြီးတပ်ဖွဲ့မှ တာဝန်ခံ ကိုဖြိုးကပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ပွဲတိုင်းကျော်လက်နက်ကြီးတပ်ဖွဲ့၊ တော်လှန်ပြောက်ကျားတပ်ဖွဲ့၊ ခရိုင်တပ်ရင်း(၁)၊ B-21တပ်ဖွဲ့ ၊ တပ်ရင်း(၁၆)တပ်ခွဲ(၁)၊ ဆားလင်းကြီးမြို့နယ် လက်ရုံးတပ်ဖွဲ့၊ SSTFဇာမနီပြောက်ကျားတပ်ဖွဲ့၊ BLACK VOTE FIGHTERတပ်ဖွဲ့ ၊ BROTHER DEFENCE FORCEတပ်ဖွဲ့၊ အာဠာ ဝကတပ်ရင်း၊ ကိုယ်ထူကိုယ်ထဗိုလ်စက္ကပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ကာ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။
ဓာတ်ပုံ- ကရင်နီပြည်တွင် မိုင်းဆွဲခံထားရသော စစ်ကား ၁ စီး။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)




