ရန်ကုန်၊ မေ ၁၈
ချင်းပြည်နယ်၊ ဟားခါးမြို့နယ် ၊ ချွန်ကျုံးရွာဘက်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေယာဉ်၊ ဒရုန်းများဖြင့် ဆက်တိုက်ဗုံးကျဲ တိုက်ခိုက်နေကြောင်း ချင်းတော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၁၄ ရက်နေ့တွင် ဖလမ်းမြို့ဘက်မှ ဟားခါးမြို့ဘက်ကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်သည် ချွန်ကျုံးရွာကို ရောက်လာပြီး ချင်းတော်လှန်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း၊ ထိုထိတွေ့ တိုက်ပွဲများသည် လက်ရှိချိန်ထိ ဆက်လက် ပြင်းထန်နေဆဲဖြစ်ကြောင်း သိရသည်။
ထို့ပြင် တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ် ဘက်မှ ထိခိုက်သေဆုံးမှုရှိပြီး အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ အထိနာနေသော စစ်တပ်က ဂျက်ဖိုက်တာ၊ ဒရုန်းများဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်နေပြီး လေယာဉ်များ ဆက်တိုက်ပျံဝဲနေဆဲဖြစ်ကြောင်း သိရှိရသည်။
“တိုက်ပွဲက ပြင်းထန်နေတယ်။ စစ်ခွေးတွေက ဂျက်ဖိုက်တာ၊ ဒရုန်းတွေနဲ့ ဆက်တိုက်ကို ဗုံးကျဲ တိုက်ခိုက်နေတာ စစ်ခွေးသေစာရင်းတော့ ကျနော်တို့ အတည်မပြုနိုင်သေးဘူး” ဟု ချင်းတော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၁၅ ရက်နေ့ကလည်း ထိုစစ်တပ် စစ်ကြောင်းကို ချင်းပြည်ကောင်စီ – CC နှင့် ပူးပေါင်းတပ်ဖွဲ့များက စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ တပ်ရင်းမှူးအဆင့်ရှိသူ တစ်ဦး အပါအဝင် ၁၁ ဦး သေဆုံးခဲ့ကြောင်း၊ အလားတူ မေလ ၁၅ ရက်နေ့ကလည်း ယင်းစစ်ကြောင်းကို သွားရောက် အင်အားဖြည့်ရန် ဟားခါးမြို့အခြေစိုက် ခလရ ၂၆၆ တပ်ရင်းမှ ဗျူဟာမှူး ဦးဆာင်သော စစ်ကြောင်းသည် မြို့ပေါ်မှ ထွက်လာစဉ် ၆ လမ်းဆုံ အနီး CDF Hakha တပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး သေဆုံးခဲ့ပြီး ဗျူဟာမှူး အပါအဝင် ၄ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ဖလမ်းမြို့ကို သိမ်းပိုက်ခဲ့သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မေလပိုင်းမှ စတင်၍ ဖလမ်း-ဟားခါးလမ်းပိုင်းကို စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး လမ်းပိုင်းတောက်လျောက်ရှိ ကျေးရွာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ပြီးနောက် ချွန်ကျုံးရွာထိ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် မန္တလေးတိုင်း၊ တောင်သာမြို့နယ် ဇဂျမ်းဂိတ်တွင်လည်း အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် တောင်သာမြို့နယ် ဇဂျမ်းဂိတ်တွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲ ၁ နာရီခန့်ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
” ဒီနေ့ ညနေ ၄ နာရီကျော်က တောင်သာ ဇဂျမ်းဂိတ်မှာ စစ်ခွေးတွေကို PDF တွေက ဝင်ပစ်တာလို့ သိရတယ်။ တိုက်ပွဲက ၁ နာရီလောက်ဖြစ်သွားတယ်။ ထိခိုက်မှု အခြေအနေကိုတော့ မသိရသေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ- ချင်းတောင်ဘက်သို့လာသည့် စစ်ယာဉ်တန်း။ (ပုံအဟောင်းကိုအသုံးပြုထားပါသည်။)
Photo- ယောမန်




