ရန်ကုန်၊ မတ် ၈
ရန်ကုန်မြို့တော်ရှိ Brave Bar နှင့် SKYWAY CLUB & KTV တို့ကို စစ်ကောင်စီထံသို့ အခွန်ငွေများ ပေးအပ်နေသည့်အတွက် ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်အခြေစိုက် တော်လှန်ရေးအဖွဲ့များက သတင်းထုတ်ပြန်သည်။
မတ်လ ၈ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်၊ မရမ်းကုန်းမြို့နယ်၊ ကန်ရိပ်သာလမ်းရှိ ခရိုနီ စိုးလှိုင်ပိုင်ဆိုင်သော Brave Bar ကို Justice Bringer Force -JBF က ဗိုံးခွဲတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုကြောင့် Brave Bar အဆောက်အုံနှင့်မော်တော်ယာဉ်တချို့ ထိခိုက်ပျက်စီးသွားကြောင်း JBF က သတင်းထုတ်ပြန်သည်။
အလားတူ မတ်လ( ၈) ရက် ည၈ နာရီ ၃မိနစ်အချိန်တွင်အလုံမြို့နယ် ကမ်းနားလမ်းနှင့်အလုံလမ်းထောင့်ရှိ စစ်ကောင်စီကို အခွန်ပေးဆောင်နေပြီး လူငယ်များကို မူးယစ်ဆေးဝါးနှင့်အပျော်အပါးများဖြင့် တော်လှန် ရေးတွင် မပါဝင်စေရန် အမျိုးမျိုးဆွဲဆောင်နေသော SKYWAY CLUB & KTV ကို Dark Shadow တပ်ဖွဲ့မှ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း အဆိုပါ အဖွဲ့က သတင်းထုတ်ပြန်သည်။
ယနေ့ ဗုံးဖောက်ခွဲခံခဲ့ရသော ဘားနှင့်ကလပ် နှစ်ခုစလုံးသည် စစ်တပ် ထုတ်ကုန် မြန်မာဘီယာ၊ ဒဂုံဘီယာ အပါအဝင် အရက်နှင့်ယမကာများကို ရောင်းချနေသည့် ဆိုင်များလည်းဖြစ်သည်။
ထို့ပြင် Dark Shadowက အလုံ၊ ကမ်းနားလမ်းနှင့်အလုံလမ်းထောင့်ရှိ ယာဥ်ထိန်းရဲကင်းနှင့် CCTV Server ပုံးကိုလည်း ယနေ့ ညပိုင်းတွင် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ဒေသကာကွယ်ရေးတပ်များက ပြည်သူများအနေဖြင့် စစ်တပ်နှင့် နီးစပ်နေသော ခရိုနီများ ပိုင်ဆိုင်သော နေရာများကို သွားလာခြင်းမပြုကြရန်နှင့် စစ်အာဏာရှင် ဒေါက်တိုင်များနှင့် ဝေးဝေးနေကြရန် သတိပေးချက်များ ထုတ်ပြန်ထားသည်။
ဓာတ်ပုံ- စစ်တပ်ထုတ်ကုန် ဒဂုံဘီယာနှင့်မြန်မာဘီယာရောင်းချနေသော ကြည့်မြင်တိုင်မှ SKYWAY CLUB & KTV နှင့် မရမ်းကုန်း ကန်ရိပ်သာလမ်းမှ Brave Bar ။