29 C
Yangon

မြန်မာနှစ်သစ်ကူးတွင် မိခင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံးကို မိသားစုများနှင့် ပြန်လည်ဆုံစည်းနိုင်ရေး လွှတ်ပေးရန် သားဖြစ်သူ ကိုထိန်လင်း တောင်းဆို

Must read

ရန်ကုန်၊ ဧပြီ ၁၅

မြန်မာ့ရိုးရာ နှစ်သစ်ကူးသင်္ကြန် အခါသမယတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အကျဉ်းကျနေသူအားလုံး မိသားစုများနှင့် ပြန်လည်ဆုံစည်းခွင့်ရရှိရန် သားဖြစ်သူ ကိုထိန်လင်း (Kim Aris) က ယနေ့ ဧပြီလ ၁၅ ရက်နေ့တွင် တောင်းဆိုလိုက်သည်။

ကိုထိန်လင်းက သူ၏လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ပြောကြားရာတွင် သင်္ကြန်ကာလသည် ခွင့်လွှတ်ခြင်း၊ အသစ်တစ်ဖန် ပြုပြင်ပြောင်းလဲခြင်းနှင့် ချစ်ခင်ရသူများ အတူတကွ ရှိနေရမည့် အချိန်ဖြစ်သော်လည်း ယခုနှစ်တွင် မိသားစုအများအပြားမှာ ကွဲကွာနေရဆဲဖြစ်သည်ဟု ထုတ်ဖော်ပြောဆိုထားသည်။

မိခင်ဖြစ်သူနှင့် ပတ်သက်၍လည်း “သားတစ်ယောက်အနေနဲ့ ကျွန်တော့်မှာ ဆန္ဒတစ်ခုတည်းရှိပါတယ်။ လူထုခေါင်းဆောင် မေမေ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်း သားအားလုံး လွတ်မြောက်ပြီး သူတို့ချစ်တဲ့သူတွေနဲ့ ပြန်လည်တွေ့ဆုံနိုင်ကြပါစေ” ဟု ရင်ဖွင့်ဆုတောင်းထားသည်။

ထို့အပြင် မိသားစုဝင်များနှင့် ကွဲကွာနေရသူများအတွက် ပြည်သူများအနေဖြင့်လည်း မိမိနှင့်အတူ ဝိုင်းဝန်းဆုတောင်းပေးကြရန် တိုက်တွန်းထားပြီး ယင်းမှာ သူ၏ တစ်ခုတည်းသော နှစ်သစ်ဆန္ဒဖြစ်ကြောင်း ဖော်ပြထားသည်။

အလားတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုလူငယ်အဖွဲ့ကလည်း မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများအားလုံး ကျန်းမာဘေးကင်းပြီး အမြန်ဆုံး လွတ်မြောက်လာစေရန် မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူများ ဝိုင်းဝန်းဆုတောင်းပေးကြရန် ဧပြီလ ၉ ရက်နေ့တွင် တိုက်တွန်းနှိုးဆော်ထားသည်။

ပြည်သူများအနေဖြင့် ယုံကြည်ရာ ဘာသာအလိုက် ဆုတောင်းမေတ္တာပို့သခြင်းများကို ပြုလုပ်ကြရန်နှင့် သပြေပန်း၊ နှင်းဆီပန်း သို့မဟုတ် မိမိတို့နှစ်သက်ရာ အတာပန်းများကို ကိုင်ဆောင်၍ဖြစ်စေ၊ ပန်ဆင်၍ဖြစ်စေ ဆုတောင်းနေသည့် ရုပ်သံနှင့် ဓာတ်ပုံများကို လူမှုကွန်ရက်ပေါ်တွင် ဝေမျှကာ လှုပ်ရှားမှု၌ ပူးပေါင်းပါဝင်ကြရန်လည်း NLD လူငယ်များက တိုက်တွန်းထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article