ရန်ကုန်၊ ဧပြီ ၁၅
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဆက်တိုက်ဗုံးကျဲနေပြီး ပြည်သူများကို ရိုက်နှက်နှိပ်စက်ကာ ပေါ်တာဆွဲ ဖမ်းဆီးမှုများလည်း လုပ်ဆောင်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဧပြီလ ၁၅ ရက်နေ့တွင် နတ်တလင်းမြို့နယ်၊ မကျီးပင်ရွာအနီးရှိ တောစပ်ပုန်းတွင် ပုန်းအောင်းနေသော စစ်ဘေးရှောင်ပြည်သူနှင့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းတို့ ထိပ်တိုက်တွေ့ဆုံမိပြီး ပြည်သူ ၂၅ ဦး ဖမ်းဆီးခံရကြောင်း၊ ထိုသို့ ဖမ်းဆီးခံရသူများထဲမှ အမျိုးသမီးများနှင့် ကလေးများကို ပြန်လွှတ်ပေးပြီး အမျိုးသား ၅ ဦး စစ်မှုထမ်းရမည်ဟုဆိုကာ ခေါ်ဆောင်သွားကြောင်း သိရသည်။
ထို့ပြင် လယ်မအင်းရွာမှ ပြည်သူများကိုလည်း စစ်တပ်က နေရပ်သို့ ပြန်လာရန် အတင်းအဓမ္မ ခေါ်ဆောင်ပြီး နေရပ်ပြန်လာသော အမျိုးသား ၂ ဦးကိုလည်း စစ်သားများကဝိုင်းဝန်း ရိုက်နှက်နှိပ်စက်ပြီး ကျေးရွာဘုန်းကြီးထဲတွင် ဖမ်းဆီးထားကြောင်း သိရှိရသည်။
ဧပြီလ ၁၄ ရက်နေ့ ညနေ ၅ နာရီခန့်ကလည်း အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် တောင်ညိုဆည်အနီးကို ပေါင် ၃၀၀ ဗုံး ၄ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိဘဲ ရေထဲတွင် ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။
“မကျီးပင်ရွာအနီးက တောစပ်ထဲပုန်းနေတဲ့ နေရာကို စစ်ခွေးတွေက စစ်ကြောင်းထိုးလာတော့ ပြည်သူတွေ ထိပ်တိုက်တွေ့ပြီး ၂၅ ဦး အဖမ်းခံရတာ မိန်းမနဲ့ ခလေးတွေကိုတော့ ပြန်လွှတ်ပေးလိုက်တယ်။ အမျိုးသား ၁၀ ဦးကို မဲနှိုက်ခိုင်းပြီး ၅ ဦးကို မဲပေါက်တယ် စစ်မှုထမ်းလိုက်ရမည်ဆိုပြီး ဖမ်းသွားတယ်။ နောက်ပြီး လယ်မအင်းရွာသားတွေကိုလည်း နေရပ်ပြန်လာမယ်ဖို့ စစ်ခွေးတွေက အတင်းအဓမ္မခေါ်လို့ နေရပ်ပြန်လာတဲ့ အမျိုးသား ၂ ဦးကိုလည်း စစ်ခွေးတွေက ဝိုင်ရိုက်တာ သေလုမျောပါးဖြစ်နေပါတယ်။ ၁၄ ရက်နေ့ ဗုံးကျဲသွားတာတော့ တောင်ညိုဆည်ရေထဲကိုကျတယ်။ လူ အထိအခိုက်မရှိပါဘူး” ဟု ဒေသပြည်သူများက ပြောဆိုသည်။
နတ်တလင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ဧပြီလ ၈ ရက်နေ့တွင် ကျွန်းလေးပင်ရွာမှ နေအိမ် ၂၅ လုံး၊ ဧပြီလ ၉ ရက်နေ့တွင် ကျောက်ခွက်ရွာမှ နေအိမ် ၃၀ ကျော်၊ ဧပြီလ ၁၁ ရက်နေ့နှင့် ၁၂ ရက်နေ့တွင် ဘန့်ဘွေးကုန်းကျေးရွာမှ နေအိမ် ၂၀၀ ကျော်တို့ မီးလောင်ပြာကျခဲ့ပြီး ယမန်နေ့ ဧပြီလ ၁၃ ရက်နေ့ ညနေ ၅ နာရီခန့်ကလည်း မကျီးပင်ရွာကို ဆက်လက် မီးရှို့နေကြောင်း သိရှိရသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ်က ပဲမခမ်းရွာ ၊ ဘန့်ဘွေးကုန်းရွာ၊ ကျောက်ခွက်ရွာ၊ ကျွန်းလေးပင်ရွာ၊ ချောင်းခမ်းကြီးရွာနှင့် မကျီးပင်ရွာ တို့ကိုလည်း နေ့စဉ် စက်တပ်လေထီး၊ ဒရုန်း၊ လေယာဉ်များဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အသက် ၃၀ ကျော်အရွယ် ကိုထွန်းထွန်းဦး၊ အသက် ၃၅ နှစ်အရွယ် ကိုလပြည့်ဝန်းနှင့် အမည်မသိ ပြည်သူ ၂ ဦးသေဆုံးကာ နေအိမ် အများအပြားလည်း မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။
လက်ရှိချိန်ထိ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် ကန်သာယာရွာ၊ ပဲမခမ်းရွာ၊ ညောင်ဝိုင်းရွာ၊ စံကြီးလောင့်ရွာ၊ ကျောက်စွယ်ရွာ၊ ကျောက်ခွက်ရွာ၊ သရက်ပုဂံရိုးရွာ၊ ကျွန်းလေပင်ရွာ၊ ဆည်းကန်ရွာ၊ ထန်းတောရွာ၊ အိုးဖိုကုန်းရွာ၊ ရေနံကုန်းရွာ၊ လယ်မအင်းရွာ၊ ဘန့်ဘွေးကုန်းရွာ၊ ရှားစေးဖိုရွာ၊ ချောင်းကမ်းကြီးရွာ၊ သာယာကုန်းရွာနှင့် ညောင်ဝိုင်းကျေးရွာမှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေး တိမ်ရှောင်နေရပြီး အရေးပေါ် စားနပ်ရိက္ခာများလည်း လိုအပ်နေကြောင်း သိရှိရသည်။






