22 C
Yangon

မြစ်ငယ်မြို့၊ ရပ်ကွက် ၁၃ ခုရှိ ပြည်သူ ၈၀,၀၀၀ ကျော်ကို စစ်ကောင်စီက အဓမ္မ ပြောင်းရွှေ့ခိုင်း၊ ပြည်သူများ အော်ဟစ်ငိုကြွေးကာ ကိုယ့်အိမ်ကို ကိုယ်တိုင်ဖျက်ပြီး ရွှေ့ပြောင်းနေရ (ရုပ်/သံ)

Must read

ရန်ကုန်၊ မတ် ၉

မန္တလေးတိုင်း၊ မြစ်ငယ်မြို့တွင် မတ်လ ၅ ရက်နေ့ နံနက် ၈ နာရီမှ စကာ မြို့အဝင်အထွက်အားလုံးကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ လက်ပါးစေ ရဲတပ်ဖွဲ့ဝင်များက ပိတ်ဆို့ထားခဲ့ပြီး ဆဲဆိုခြိမ်းခြောက်နေသောကြောင့် ရပ်ကွက်နေပြည်သူများသည် ကိုယ့်နေအိမ်ကို ကိုယ်ပြန်ဖျက်နေရကာ အချို့မှာ ရွှေ့ပြောင်းနေကြောင်း သိရှိရသည်။

“မြစ်ငယ်မြို့က ဝန်ထမ်းရပ်ကွက် ၁၃ ရပ်ကွက်နဲ့ တည်ရှိနေတဲ့ မြို့လေး။ မီးရထားနယ်မြေဆိုတော့ ဂရန်တော့ မရှိဘူး ။ ဒါပေမဲ့ မီးရထားစက်ရုံ GPC ကို ဆိုင်ခွန် အိမ်ခွန်ဆောင်ပြီးနေလာတာ နှစ်ပေါင်း ၆၀ ကျော်လာခဲ့ပါပြီ။ အခု မတ်လ ၅ ရက်နဲ့ ၆ ရက် နှစ်ရက်ပေါင်း သူတို့ လိုင်းခန်းတွေ သော့ပိတ်တာ ၄၁၄ ခန်း၊ ကျူးလို့ သတ်မှတ်ပြီး ဖျက်ခိုင်းတဲ့ အိမ်နဲ့ ဆိုင်ခန်းက ၅၅၃ ခန်း ရှိပါတယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

အိမ်ထောင်စုပေါင်း ခန့်မှန်းခြေ ၂၀၀၀ ကျော်ခန့်၊ ပြည်သူပေါင်း ပျှမ်းမျှ ၈၀,၀၀၀ ကျော်ကို အပြီး ရွှေ့ဆိုင်းရန် ပြောဆိုထားပြီး ၃ ရက်သာ အချိန်ပေးကြောင်း၊ ရပ်ကွက်လမ်းများကို အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့က ပိတ်ဆို့ထားကြောင်း၊ ပြည်သူများအား ကိုယ့်နေအိမ် ကိုယ်ဖျက်ရန် ခြိမ်းခြောက်ပြောဆိုကြောင်း သိရှိရသည်။

“စစ်ကောင်စီ တပ်ဖွဲ့တွေ အများကြီး ရှိနေတယ်၊ ကိုယ့်အိမ်ကိုယ် ကိုယ်တိုင်မဖျက်ရင် ဒီထက် ပိုဆိုးမယ်တဲ့ ခြိမ်းခြောက်သွားတယ်။ ကျမတို့ကြားတာကတော့ ဒီမြေကို ရွှေ့ခိုင်းပြီး စစ်ကောင်စီက ရောင်းစားမယ်လို့ ကြားတယ်၊ တရုတ်နဲ့ ဂျပန်ကုမ္ပဏီတွေကို ရောင်းစားမယ်ပြောတယ်၊ အတိအကျတော့ မသိဘူး။” ဟု ဒေသခံတစ်ဦးက ပြောသည်။

ထိုသို့ အကြမ်းဖက် စစ်ကောင်စီက လုပ်ဆောင်နေသည့်အတွက် CDM များမှာ နေစရာ အိမ်ခန်းများ မရှိတော့သည့်အတွက် အလုပ်ပြန်ဝင်ရန် စာတင်ထားသူများပါ ရှိနေပြီ ဖြစ်ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီက နေအိမ် ဆိုင်ခန်းများ ဖယ်ရှားရှင်းလင်းခိုင်းသည်မှာ ၇ ရပ်ကွက်အထိ ဖြစ်ပြီး ကျန်သည့် ၆ ရပ်ကွက်ကိုလည်း နောက်ရက်များတွင် ဆက်ဝင်မည်ဟု ကြားသိရကြောင်း ဒေသခံများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article