26 C
Yangon

ကလိန်အောင်မြို့မီးသတ်ဌာနက ဒုဦးစီးမှူးစီးလာတဲ့ကား ပစ်ခတ်တိုက်ခိုက်ခံရမှု စစ်အရာရှိ အပါအဝင် ၄ ဦးဒဏ်ရာရ

Must read

ကလိန်အောင်မြို့မီးသတ်ဌာနက ဒုဦးစီးမှူးစီးလာတဲ့ကား ပစ်ခတ်တိုက်ခိုက်ခံရမှု စစ်အရာရှိ အပါအဝင် ၄ ဦးဒဏ်ရာရ

ရန်ကုန်၊ ဇွန် ၂၇

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ မိုင်တိုင်အမှတ်၂၅ အနီးမှာ ကလိန်အောင်မြို့မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး စီးလာတဲ့ အိမ်စီးကားပစ်ခတ်တိုက်ခိုက်ခံရပြီး ထိခ်ိုက်ဒဏ်ရာရလို့ ဆေးရုံတင်ထားရတယ်လို့ ဒေသေခံတွေက တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။

ပစ်ခတ်ခံရတဲ့ကားဟာ ဟွန်ဒါဖစ်ကား နက်ပြာရောင်ဖြစ်ပြီး ထားဝယ်မြို့ဘက်ကနေ ကလိန်အောင်မြို့ဘက်ကိုလာစဉ် ပြီးခဲ့တဲ့ စနေနေ့၊ အခုလ ၂၄ ရက်နေ့ညနေ၆ နာရီခွဲဝန်းကျင်က ပစ်ခတ်ခံရတာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီကားထဲမှာ ကလိန်အောင်မြို့မီးသတ်ဦးစီးဌာနက အသက် ၄၄ နှစ် ဝန်းကျင်အရွယ် ဒုတိယဦးစီးမှူး ဦးကျော်မျိုးထွန်း၊ စစ်ဘက်ရေးရာအရာရှိတစ်ဦးနဲ့ အမျိုးသမီး ၂ ဦးပါလာတယ်လို့ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

တော်လှန်ရေးရဲဘော်တစ်ဦးက “အဲဒီမိုင်တိုင်နားက မြောင်းတခုထဲ ကားက ထိုးရပ်သွားတာ။ အထဲမှာပါလာတဲ့ အရာရှိတစ်ဦးက ဘယ်တပ်ရင်းက ဘယ်ရာထူးဆိုတာတော့ မသိရသေးဘူး။” လို့ ပြောပါတယ်။

ကားပေါ်မှာပါလာတဲ့ လေးဦးစလုံး ထိခိုက်ဒဏ်ရာအသီးသီးရကာ ထားဝယ်မြို့က စစ်တပ်ဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

အဆိုပါပစ်ခတ်မှုကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ ဒီကနေ့အထိ ထုတ်ပြန်အသိ‌ပေးထားတာမျိုး မရှိသေးပါဘူး။

အခုလ ၂၃ ရက်နေ့ကလည်း ရေဖြူမြို့နယ်၊ ဟိန်းဇဲရွာ၊ ရေပုံးရွာ၊ ကျောက်ရှပ်ရွာ ကားလမ်းမတလျှောက်မှာ စစ်ကောင်စီတပ်သားတွေလိုက်ပါတဲ့ ယာဉ်တန်းသုံးကြိမ် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

အဲဒီမိုင်းဆွဲတိုက်ခိုက်မှုကိုတော့ KTLA၊ ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ကလိန်အောင်မြို့အခြေစိုက် ရွှေဘီလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာတော့ ကလိန်အောင်မြို့ခံ‌တွေအပါအဝင် အနီးတဝိုက်ရွာကပြည်သူတွေဟာ မလိုအပ်ဘဲ အပြင်ထွက်တာမျိုးမလုပ်တော့သလို တချို့ ဒေသခံတွေကတော့ စစ်ဘေးရှောင်နေကြရတယ်လို့ သိရပါတယ်။

စစ်ကောင်စီ တပ်ရင်းသုံးခုရှိတဲ့ ကလိန်အောင်မြို့အနီးတဝိုက်မှာ စစ်ကောင်စီတပ်သားတွေ ကင်းပုန်းဝပ်တာတွေရှိနေပြီး အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ မလိုအပ်ဘဲ ခရီးသွားလာတာမျိုးမလုပ်ဖို့ ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက မေတ္တာရပ်ခံထားပါတယ်။

(တနင်္သာရီတိုင်းမ်သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article