အာဏာနဲ့ စည်းစိမ်အတွက် ပြည်သူကို ချနင်း၊ ဘာသာရေးကို အရေခြုံ၊ ကိုယ့်စိတ်ကိုယ်တောင် ပြန်လိမ်နေတဲ့ အကြမ်းဖက်စစ်အုပ်စု
By လမ်းသစ်
မြန်မာပြည်ကို ခေတ်အဆက်ဆက် ဂုတ်သွေးစုပ်ခဲ့တဲ့ စစ်အာဏာရှင်တွေဟာ သူတို့ကိုယ်သူတို့ အမျိုးဘာသာ သာသနာ စောင့်ရှောက်သူတွေအဖြစ် လိမ်ညာကြွေးကြော်လေ့ ရှိကြပါတယ်။
တကယ်တမ်း ဒီလိုကြွေးကြော်မှုနဲ့ သူတို့ရဲ့ လုပ်ရပ်တွေဟာ လုံးဝဆန့်ကျင် နေတာကြောင့် သူတို့ဟာ ဘယ်လို မကောင်းဆိုးဝါးတွေလဲဆိုတာ ပြည်သူတွေ အားလုံးက သိရှိပြီး ဖြစ်ပါတယ်။
ဘုရားတည်ပြမယ်၊ ဆရာတော်ကြီးတွေ ပျံလွန်တော်မူရင် အခေါင်းထမ်းပြမယ် ဆိုတဲ့ ဟန်ပြလုပ်ဆောင်မှုတွေရဲ့ အခြားတစ်ဖက်မှာ ဘုန်းကြီးကျောင်းတွေကို ဖျက်ဆီးတာ၊ သာသနာ့မြေတွေကို သိမ်းယူတာ၊ အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ဘုန်းကြီးတွေကို ဖမ်းဆီးနှိပ်စက်တာတွေဟာ မင်းအောင်လှိုင်တို့ စစ်အုပ်စု ထမင်းစားရေသောက် ကျူးလွန်နေတဲ့ ဒုစရိုက်မှုတွေပဲ ဖြစ်ပါတယ်။
မြန်မာတစ်ပြည်လုံးရဲ့ တော်လှန်ပုန်ကန်မှုကို တစ်နေ့တခြား ပိုမိုပြင်းထန်စွာ ရင်ဆိုင်နေရတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ နေပြည်တော်မှာ သူတည်ထားတဲ့ ဘူမိဖဿမုဒြာ ထိုင်တော်မူကျောက်ဆစ် ဆင်းတုတော်ရဲ့ ပတ်ဝန်းကျင်က ဘုန်းကြီးကျောင်း ၁၂ကျောင်းနဲ့ ရွာတွေကို သူ့လုံခြုံရေးအတွက် ဖျက်ဆီးရှင်းလင်းခဲ့ပါတယ်။
ကျူးကျော်ဘုန်းကြီးကျောင်းတွေ၊ ကျူးကျော်ရွာတွေလို့ နာမည်တပ် ရှင်းလင်းခဲ့ပြီး နေရာအစားထိုး ပြန်ပေးခြင်းလည်း မရှိခဲ့ပါဘူး။
ဘာသာရေး ဟန်ပြလုပ်ပြလေ့ရှိတဲ့ ဖက်ဆစ်စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သာသနာ့မြေတွေကိုလည်း အရှက်အကြောက် ကင်းမဲ့စွာ သိမ်းယူတဲ့ အစဉ်အလာရှိသူပါ။
၂ဝဝ၁ ခုနှစ် ဦးသန်းရွှေလက်ထက်က နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ ဥက္ကဌ ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရဘိဝံသ ထံကနေ ကမ္ဘာအေး သာသနာ့မြေ ၇ ဧကကျော်ကို သိမ်းယူခဲ့ပါတယ်။
၂ဝ၁၆ ခုနှစ်မှာ ဆရာတော်ကြီးက သာသနာ့မြေတွေပြန်ပေးဖို့ တောင်းဆိုတဲ့အခါ စိတ်ဆိုးမာန်ဆိုး တုန့်ပြန်ခဲ့တဲ့ မင်းအောင်လှိုင်ဟာ ဆရာတော်ကြီး ပျံလွန်တော်မူချိန်မှာတော့ ဆရာတော်ကြီးရဲ့ အခေါင်းကိုထမ်းတာ၊ ရုပ်ကလပ်ကို ရှိခိုးတာတွေ လုပ်ပြခဲ့ပါတယ်။
ငါးပါးသီလ ဖောက်ဖျက်ရုံမက အကုသိုလ် တပြုံတခေါင်း ကျူးလွန်နေတဲ့ မင်းအောင်လှိုင်ရဲ့အောက်ဆွဲ ဇော်မင်းထွန်းလည်း ပြီးခဲ့တဲ့ရက်ပိုင်းက နေပြည်တော်မှာ ဘုရားတည်ခဲ့ပြီး ဝန်ထမ်းတွေကို မလာမနေရ လို့ ဌာနတွင်း အမိန့်ထုတ်ခဲ့ပါတယ်။
သေနတ်ပြ ဘုရားထီးတော်တင်တဲ့သဘောဖြစ်ပြီး မလာတဲ့လူတွေကို ဝန်ထမ်းစည်းမျဉ်း စည်းကမ်းနဲ့ အရေးယူမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။
ဘာသာ သာသနာရေးနဲ့ ပတ်သက်တာတောင် မကောင်းမှုတွေကို လက်ရဲဇက်ရဲ ကျူးလွန်နေတဲ့ စစ်အုပ်စုဟာ ပြည်သူလူထုကို ဖိနှိပ်ဖို့ဆိုတာကတော့ ဝန်လေးနေမှာ မဟုတ်ပါဘူး။ လူထုကို နေ့စဉ် သတ်ဖြတ်နေသလို အာဏာသိမ်းမှုကြောင့် စားဝတ်နေရေး ကြပ်တည်းနေတဲ့ ပြည်သူတွေဆီကနေ ဓားပြတိုက်နေကြပါတယ်။
လူမှုကွန်ရက်စာမျက်နှာပေါ်မှာ စစ်အာဏာသိမ်းမှု မလိုလားကြောင်း မှတ်ချက်ရေးသားသူတွေကို ဖမ်းဆီးငွေညှစ်မှုတွေ ရှိသလို လုံခြုံရေးအတွက် အကြောင်းပြပြီး ရွှေဆိုင်တွေဆီက အလှူငွေကောက်ခံတာတွေ ရှိပါတယ်။ စစ်ကိုင်းတိုင်းထဲမှာဆိုရင်လည်း ရွှေဆိုင်ပိုင်ရှင်နာမည်တွေ၊ ရောင်းရတဲ့ ပမာဏတွေကို လိုက်လံစာရင်းကောက်နေတာကြောင့် ရွှေဆိုင်ပိုင်ရှင်တွေ ထိတ်လန့်နေကြတယ်လို့လည်း ကြားသိနေရပါတယ်။
တရားမဝင် စစ်ကောင်စီရဲ့ ဓားပြမှုတွေထဲမှာ အခုရက်ပိုင်း လူပြောများတာကတော့ မြန်မာပြည်တွင်းမှာ အောင်မြင်နေတဲ့ အသေးစား ချေးငွေလုပ်ငန်း Pact Myanmar ခေါ် Pact Global Microfinance Fund (PGMF) ဆီက ဥပဒေမဲ့ ဓားပြတိုက်ဖို့ ကြိုးစားခဲ့တာပဲ ဖြစ်ပါတယ်။
PGMF အနေနဲ့ လုပ်ငန်းလည်ပတ်ဖို့ ခွင့်ပြုချက်တောင်းရာမှာ အကျိုးအမြတ်နဲ့ ပိုင်ဆိုင်မှုတွေလွှဲပေးဖို့ ဖိအားပေးခံရတာကြောင့် မြန်မာနိုင်ငံကတွေ လုပ်ငန်းပိတ်သိမ်း ထွက်ခွာတော့မှာ ဖြစ်ပါတယ်။
၁၉၉၇ ခုနှစ်ကတည်းက မြန်မာနိုင်ငံမှာ စတင်ဝန်ဆောင်မှုပေးခဲ့တဲ့ PGMF ဟာ ချေးငွေယူထားသူ ၈၉၀,၀၀၀ ဆီက ကြွေးမြီပေါင်း အမေရိကန်ဒေါ်လာ ၁၅၆ သန်းကို လျှော်ပစ်ပြီး ထွက်ခွာသွားမှာ ဖြစ်ပါတယ်။
“ကျမတို့ ဝမ်းနည်းစွာနဲ့ပဲ ဒီနိုင်ငံမှာ လုပ်ငန်းလည်ပတ်ဖို့ မဖြစ်နိုင်တော့ပါဘူး။ ပြီးခဲ့တဲ့ နှစ်နှစ်ကတည်းက ချေးငှားသူနဲ့ ငွေစုသူ သိန်းပေါင်းများစွာအတွက် ဆက်ပြီးအလုပ်လုပ်နိုင်ဖို့ ဒီအဖွဲ့အစည်းကို ခွင့်ပြုဖို့ မြန်မာစစ်တပ်ကို နားချခဲ့ပါတယ်”
“ကျမတို့ကို မှတ်ပုံတင်ခွင့်ပြုဖို့ ငြင်းဆန်ခဲ့တဲ့အပြင် စစ်တပ်က နိုင်ငံကနေ ထွက်ရင်ထွက် ဒါမှမဟုတ် တရားမဝင် လုပ်ငန်းလည်ပတ်ဖို့ ဖိအားပေးခဲ့ပါတယ်” လို့ PGMF ဘုတ်အဖွဲ့ ဥက္ကဌ Ellen Varney က ပြောပါတယ်။
မြန်မာနိုင်ငံတစ်ဝန်း ဝန်ထမ်းပေါင်း ၄,ဝဝဝ ကျော်နဲ့ လည်ပတ်နေတဲ့ PGMF ဟာ ဝန်ထမ်းတွေကို ထိုက်သင့်တဲ့ လျော်ကြေးပေးသွားမယ်လို့ တရားဝင် ကြေညာထားပေမယ့် အကြမ်းဖက်စစ်တပ်ရဲ့ မတော်လောဘကြောင့် နိုင်ငံသားများစွာ အလုပ်အကိုင် အခွင့်အလမ်း ဆုံးရှုံးလိုက်ရပါတယ်။
၂ဝ၂၂ ခုနှစ် ဇန်နဝါရီလက ထုတ်ပြန်ခဲ့တဲ့ ILO ရဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကြောင့် အလုပ်သမားပေါင်း ၁.၆ သန်းကျော် အလုပ်လက်မဲ့ ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီထဲမှာ အထည်ချုပ် လုပ်သားတွေလည်း ပါဝင်ပါတယ်။
မြန်မာနိုင်ငံက အထည်ချုပ် လုပ်ငန်းတွေမှာ အခြေခံ စံချိန်စံညွှန်းတွေ မရှိတော့သလို စီးပွားရေး လုပ်ငန်းတွေကလည်း လူ့အခွင့်အရေးဆိုင်ရာ တာဝန်ယူမှုတွေကို လိုက်နာဆောင်ရွက်ဖို့ မဖြစ်နိုင်တော့ဘူးလို့ ကုန်သွယ်ရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့က ပြီးခဲ့တဲ့နှစ်မှာ ထုတ်ပြန်ထားပါတယ်။
Inditex လုပ်ငန်းစုအတွက် အထည်ကုန်ချောတွေ ထုတ်ပေးနေတဲ့ ရွှေပြည်သာမြို့နယ် သာဓုကန် စက်မှုဇုန်က တရုတ်နိုင်ငံသားပိုင် Hosheng (Myanmar) အထည်ချုပ်စက်ရုံမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက လုပ်ခလစာ တိုးတောင်းရာကနေ အလုပ်သမား သမဂ္ဂအဖွဲ့ဝင်တွေကို စစ်တပ်က ဖမ်းဆီးခဲ့ပါတယ်။
Inditex ဟာ Zara အပါအဝင် ကမ္ဘာကျော် အဝတ်အထည် အမှတ်တံဆိပ် ၇ ခုကို ထုတ်လုပ်နေတာဖြစ်ပြီး အခုတော့ ကမ္ဘာ့အလုပ်သမားသမဂ္ဂရဲ့ တောင်းဆိုမှုကြောင့် မြန်မာနိုင်ငံကနေ ထွက်ခွာဖို့ ပြင်ဆင်နေပါပြီ။
ဥရောပအခြေစိုက် C & A ၊ လန်ဒန်အခြေစိုက် Tesco PLC, Marks & Spencers ၊ အိုင်ယာလန် Primark နဲ့ ဂျပန် Uniqlo တို့လည်း မြန်မာနိုင်ငံကနေ ထွက်ခွာသွားခဲ့ပြီး ဖြစ်ပါတယ်။
ဒါတွေဟာ အထည်ချုပ်ကဏ္ဍရဲ့ တစ်စိတ်တစ်ပိုင်းသာဖြစ်ပြီး တခြားစီးပွားရေးကဏ္ဍပေါင်းစုံမှာလည်း နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေ အလျှိုလျှို စွန့်ခွာသွားကြပါပြီ။
ဒါတွေအားလုံးရဲ့ တရားခံဟာ အကြမ်းဖက် စစ်ကောင်စီပဲ ဖြစ်ပါတယ်။ မြန်မာပြည်မှာ စစ်အာဏာရှင်တွေ မင်းမူပြီး ပြည်သူတွေအပေါ် ရက်ရက်စက်စက် ဖိနှိပ်သတ်ဖြတ်နေတာကြောင့် နိုင်ငံရပ်ခြား ရင်းနှီးမြှပ်နှံနေတဲ့ ကုမ္ပဏီတွေအနေနဲ့ မြန်မာပြည်မှာ ဆက်ရှိနေရင် သူတို့ရဲ့ပုံရိပ် ထိခိုက်ပျက်ဆီးတော့မယ် ဆိုတာကို သိရှိသွားလို့ပဲ ဖြစ်ပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း ထိုးဆိုက်ကျဆင်းနေတဲ့ မြန်မာ့စီးပွားရေးဟာ အခုထက်ထိ နလန်မထူနိုင်သေးသလို မူဝါဒအလွဲတွေ ထပ်ခါထပ်ခါ ထွက်ပေါ်လာတာကြောင့် တိုင်းပြည်စီးပွားရေးကို ရာသက်ပန် ထိခိုက်စေနိုင်တယ်လို့ ကမ္ဘာ့ဘဏ်က ဇွန်လ ၂၇ ရက်နေ့မှာ သတိပေးထားပါတယ်။
ပြန်ချုပ်ကြည့်မယ်ဆိုရင် တရားမဝင် စစ်ကောင်စီဟာ မြန်မာပြည်သူတွေရဲ့ ဘဝပေါင်းများစွာကို ဒုက္ခတွင်းထဲ တွန်းပို့ပြီး တိုင်းပြည်ကို ချောက်ထဲ ဆွဲချနေတာပါ။
ဒီလိုအဖွဲ့အစည်းက ရာဇဝတ်ကောင်တွေ ဘုရားတည်ပြတယ်၊ ဘာသာရေးလုပ်ပြတယ် ဆိုတာဟာလည်း မကောင်းမှုတွေ ခြုံလွှမ်းနေတဲ့ ကိုယ့်စိတ်ယုတ်ကိုယ် အာသာဖြေနေတာပဲ ဖြစ်ပါတယ်။

ကျွန်တော်ခေတ်သစ် Media ကိုနှစ်သက်ပါတယ် အစဉ်အားပေးနေပါတယ်