မြင်းမူနှင့် မြိုင် မြို့နယ်တို့ရှိ စစ်တပ် အထိုင်ချ တပ်စွဲထားသော နေရာနှင့် ကိုင်းတောမ ရဲစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်
ရန်ကုန်၊ ဇူလိုင် ၇
စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်နှင့် မကွေးတိုင်း မြိုင်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ် အထိုင်ချ တပ်စွဲထားသော နေရာနှင့် ကိုင်းတောမ ရဲစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေး တပ်ဖွဲ့များ ထံမှ သိရသည်။
ဇူလိုင်လ ၆ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်ခန့်တွင် မကျီးကန်ကျေးရွာ၌ အထိုင်ချထားသော အကြမ်းဖက် စစ်သားများကို တော်လှန်ရေးအဖွဲ့များက ၈၀ မမ လက်နက်ကြီးဖြင့် ၈ ကြိမ်တိုင်တိုင် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သားများ အထိုင်ချနေသည့် နေရာသို့ ထိထိမိမိကျရောက်ခဲ့ကြောင်း People’s Knight Defense Force Myinmu (PKDF-MMU) မှ ဗိုလ်အေးချမ်းမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ယင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီဝင် ၁ ဦး အပြင်းအထန်ရရှိသွားကြောင်း၊ တိုက်ခိုက်မှုကို People’s knight Defense Force Myinmu (PKDF-MMU) နှင့်အတူ DKPDF -MMU ၊ D.B.B.F-MMU မဟာမိတ်အဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း People’s Knight Defense Force Myinmu (PKDF-MMU) မှ ဗိုလ်အေးချမ်းမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အလားတူ မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်းရှိ ကိုင်းတောမရဲစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့ကြောင်း Pakokku Underground Force ထံမှ သိရသည်။
ယနေ့ဇူလိုင်လ ၇ ရက်နေ့တွင် အဆိုပါ ကိုင်းတောမရဲစခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သရက်ကန်ကျေးရွာ ပျူစောထီး စခန်းမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ကာ ပစ်ကူပေးခဲ့ကြောင်း၊ အကြမ်းဖက်စစ် သား များ ထိခိုက်သေဆုံးမှု မသိရသေးကြောင်း သိရသည်။
Pakokku underground Force၊ တမာ မြေ ပျောက်ကြားတပ်ဖွဲ့ ၊ စကောပီယံတပ်ဖွဲ့၊ ကျားသစ်နက် တပ်မတော်မျာနှင့် မဟာမိတ်များပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ဆက်လက်တိုက်ပွဲဝင်နိုင်ရန် ကျည်များစွာလိုအပ် သဖြင့် ဝိုင်းဝန်းကူညီပေးကြလိုကြောင်း Pakokku underground Force မေတ္တာရပ်ခံထားသည်။