25 C
Yangon

ဒီးမော့ဆို၊ ဒေါရောက်ခူကျေးရွာကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ၄ ကြိမ် ဗုံးကျဲတိုက်ခိုက်လို့ ပြည်သူ ၁ ဦးသေဆုံး၊ ဝါရီဆူးပလိုင်ရှိ စစ်ကောင်စီတပ်ဖွဲ့ကို ကရင်နီပူးပေါင်းအဖွဲ့ ဝင်တိုက်

Must read

ရန်ကုန်၊ မတ် ၁၁

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါရောက်ခူကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက ယနေ့နံနက်တွင် ၄ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး ပြည်သူ ၁ ဦးသေဆုံးကာ နေအိမ်အဆောက်အဦးများ ထိခိုက်ပျက်စီးမှုကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။

ယနေ့ မတ်လ ၁၁ ရက် နံနက်အစောပိုင်း ၄ နာရီတွင် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးခဲ့ပြီး နံနက် ၇ နာရီ ဝန်းကျင်တွင်လည်း တိုက်လေယာဉ် ၂ စီးဖြင့် ၃ ကြိမ် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ကြောင်း သိရှိရသည်။

ဗုံးကျဲတိုက်ခိုက်မှုများကြောင့် ဒေသခံပြည်သူ ထိခိုက်သေဆုံးမှု အရေအတွက်နှင့် နေအိမ် အဆောက်အဦးများ ပျက်စီးသည့်အရေအတွက် အသေးစိတ်ကို ကနဦး မသိရှိရသေးပေ။

ရှမ်း-ကရင်နီအစပ်၊ ဝါရီဆူးပလိုင်ကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ကို ယမန်နေ့ မတ်လ ၁၀ ရက်နံနက်တွင် ကရင်နီပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကား ၁ စီးကို ဖျက်ဆီးနိုင်ကာ စစ်သား ထိခိုက်သေဆုံးမှု ရှိကြောင်း သိရှိရသည်။

တိုက်ပွဲမှာ မနက် ၈ နာရီမှ မွန်းလွဲ ၂ နာရီအထိ ကြာမြင့်ကြောင်း၊ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုရှိပြီး အရည်အတွက်ကို အတည်မပြုနိုင်ကြောင်း၊ စစ်ကား ၁ စီးကို ဖျက်ဆီးနိုင်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF တပ်ရင်း (၃) ဖယ်ခုံဇုန်က သတင်းထုတ်ပြန်သည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ကို KNDF တပ်ရင်း (၃)၊ တပ်ရင်း (၇)၊ တပ်ရင်း (၁၁) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းဝင်တိုက်ခဲ့ကာ ရဲဘော်များ မစိုးရိမ်ဒဏ်ရာသာ ရရှိခဲ့ပြီး ပြန်လည်ဆုတ်ခွာခဲ့ကြောာင်း KNDF တပ်ရင်း ၃ က ထုတ်ပြန်သည်။

မတ်လ ၇ ရက် မှစ၍ ဒီးမော့ဆို၊ ပူဖားကျေးရွာဘက်သို့ မတ်လ ၇ ရက်မှ စတင်ကာ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့သည် ပူဖားကျေးရွာရှိ နေအိမ် ၃၀ လုံး ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ယမန်နေ့ နံနက်ပိုင်းတွင် လေကြောင်းမှတဆင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေါငံခါးရပ်ကွက်ရှိ သီလရှင်ကျောင်းဆောင်နှင့် ဘိုးဘွားရိပ်သာအဆောင်များ ပျက်စီးခဲ့သည်။

ဓါတ်ပုံ – KNDF တပ်ရင်း ၃ တပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article