27 C
Yangon

ကလေးမြို့ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးသေဆုံးပြီး ၃ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၄ ဦး ထိခိုက် ဒဏ်ရာရ

Must read

ကလေးမြို့ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးသေဆုံးပြီး ၃ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၄ ဦး ထိခိုက် ဒဏ်ရာရ

ရန်ကုန်၊ ဇူလိုင် ၁၄

စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး ၃ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၄ ဦး ထိခိုက် ဒဏ်ရာရခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၁၃ ရက်နေ့ ညပိုင်းတွင် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် စက္ကန့်ရွာ၊ မြို့လှရွာ၊ ရှားတောရွာနှင့် စီးစံကျေးရွာများသို့ လက်နက်ကြီးများ ကျရောက် ပေါက်ကွဲခဲ့ပြီး စီးစံကျေးရွာမှ ပြည်သူ ၂ ဦး သေဆုံးပြီး ၃ နှစ်အရွယ် ကလေးငယ်နှင့် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် စက္ကန့်ရွာကိုလည်း လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီး ထိမှန်သေဆုံးခဲ့သူများမှာ အသက် ၂၆ နှစ်အရွယ် ဦးလာလာလ် နှင့် ဇနီး ဖြစ်သူ အသက် ၂၄ နှစ်အရွယ် Nu Lal Pek Hlu တို့ဖြစ်ပြီး ၎င်းတို့၏ အသက် ၃ နှစ်အရွယ်ကလေးငယ်မှာ ဦးခေါင်းထိမှန်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။

“ခေါင်းထိတာ ၃ နှစ်က။ မိဘတွေက ဆုံးသွားပြီ။ အိမ်ရှေ့က လက်နက်ကြီးထိတဲ့ အမျိုးသမီးက မစိုးရိမ်ရဘူး” ဟု‌ ဒေသပြည်သူတစ်ဦးမှ ‌ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။

အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးပစ်ခတ်ခံရသည့် ကျေးရွာများမှာ ကလေးမြို့၏ အနောက်တောင်ဘက်တွင်ရှိကာ မြို့တွင်းနှင့် ၃ မိုင်ဝန်းကျင်ခန့် ဝေးသည့် ဝေဘူလတောင်ခြေတွင် တည်ရှိသည့် ရွာများ ဖြစ်ကြောင်း သိရှိရသည်။

“အမြောက်တပ်ကနေ ထုတာ။ တိုက်ပွဲ မရှိဘူး။ ရွာထဲပဲ ထုတာ။ စက္ကန့်ရွာကို ကျတဲ့ဟာက ဒဏ်ရာပြင်းထန်တစ်ယောက်ရှိတယ်ကြားတယ်။ ၃ ယောက်ထိတာပါ” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောပြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article