32 C
Yangon

စစ်ကောင်စီဗဟိုဘဏ်က Money Changer လိုင်စင် ၃၀ ခုကို အပြစ်မရှိဘဲ ဆက်တိုက်ရုပ်သိမ်းခဲ့ပြီး ဒေါ်လာစျေးနှုန်းကို ထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေသော်လည်း ဒေါ်လာပြင်ပစျေးကွက်က တဖြည်းဖြည်း ပိုမိုကြီးထွားလာနေ

Must read

စစ်ကောင်စီဗဟိုဘဏ်က Money Changer လိုင်စင် ၃၀ ခုကို အပြစ်မရှိဘဲ ဆက်တိုက်ရုပ်သိမ်းခဲ့ပြီး ဒေါ်လာစျေးနှုန်းကို ထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေသော်လည်း ဒေါ်လာပြင်ပစျေးကွက်က တဖြည်းဖြည်း ပိုမိုကြီးထွားလာနေ

ရန်ကုန်၊ ဇူလိုင် ၁၆

စစ်ကောင်စီဗဟိုဘဏ်က ပြည်တွင်းရှိ Money Changer လိုင်စင် ၃၀ ခုကို အပြစ်မရှိဘဲ ဆက်တိုက်ရုပ်သိမ်းခဲ့ပြီး ဒေါ်လာစျေးနှုန်းကို ထိန်းချုပ်နိုင်ရေးကြိုးပမ်းခဲ့သော်လည်း ဒေါ်လာ ပြင်ပစျေးကွက်မှာမူ တဖြည်းဖြည်း ပိုမိုကြီးထွားလာ နေကြောင်း ဒေါ်လာနှင့်နိုင်ငံခြားငွေ ဝယ်ရောင်းလက်လီ၊လက်ကားများထံမှ သိရှိရသည်။

ဇူလိုင်လ ၁၂ ရက်နေ့တွင် စစ်ကောင်စီဗဟိုဘဏ်က နိုင်ငံခြားငွေ ဝယ်ယူရောင်းချလဲလှယ်ခွင့် လိုင်စင်ရ ကုမ္ပဏီ ၁၀ ခုကို ဗဟိုဘဏ်က ထုတ်ပြန်သည့် အမိန့်နှင့် ညွှန်ကြားချက်များ မလိုက်နာမှုဖြင့် လိုင်စင်ရုပ်သိမ်းလိုက်သည်ဟု ကြေညာခဲ့ကြောင်း၊ ယခုနှစ် မတ်လ ၁၆ ရက်နေ့တွင်လည်း နိုင်ငံခြားငွေ ဝယ်ယူရောင်းချလဲလှယ်ခွင့် လိုင်စင်ရ ကုမ္ပဏီ ၂၀ ခုကိုလည်း လိုင်စင်ရုပ်သိမ်းခဲ့ကြောင်း၊ ၅ လအတွင်း Money Changer လိုင်စင် ၃၀ ခုကို ဆက်တိုက် ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

ဇူလိုင်လ ၁၂ ရက်နေ့ နိုင်ငံခြားငွေလဲလှယ်ခွင့် လိုင်စင်ရုပ်သိမ်းခံရသည့် ကုမ္ပဏီ ၁၂ ခုမှာ Kannan Trading Co, Ltd၊ Net Change Co, Ltd၊ Thira Aung Si Trading Co , Ltd၊ Riverwood Group Co, Ltd၊ Global Myanmar Services Co, Ltd၊ D-Gold Trading Co, Ltd၊ Aurum Image Co, Ltd၊ Hi Welcome Travel @ Tours Co, Ltd၊ Sweeties Pearls Co, Ltd၊ Chase Travels & Tours Co, Ltd တို့ဖြစ်ကြောင်း သိရှိရသည်။

မတ်လ ၁၆ ရက်နေ့ နိုင်ငံခြားငွေလဲလှယ်ခွင့် လိုင်စင်ရုပ်သိမ်းခံခဲ့ရသည့် ကုမ္ပဏီ ၂၀ ခုမှာ Oake Khaung Travels & Tours Co.,Ltd၊ Senjo Royal Myanmar Co.,Ltd၊ Dawei Popular Co.,Ltd၊ Zam Myo Co.,Ltd၊ Phyo Thet (PT) Co.,Ltd၊ Sky Bound Co.,Ltd၊ Myanmar MCG Corporation Ltd၊ Htwe and Htwe Family Co.,Ltd၊ Won Won Co.,Ltd၊ United Eleven Co.,Ltd၊ Tun Yama Co.,Ltd၊ Myanmar Alinkar Hotel Group Co.,Ltd၊ Cartel Co.,Ltd၊ Super Phoneix Co.,Ltd၊ Golden Falcon Shipping Co.,Ltd၊ Fairness Travels & Tours Co.,Ltd၊ Yadanar Bon Travels & Tours Co.,Ltd၊ Myanmar National Airline Co.,Ltd၊ Dewant Financial Loan Microfinance Co.,Ltd၊ Treasure Su Co.,Ltd တို့ဖြစ်ကြောင်း သိရှိရသည်။

“လိုင်စင်ရုပ်သိမ်းတယ်ဆိုတဲ့ အကြောင်းကြားစာပဲရတာ။ ဘာကြောင့် လိုင်စင်ပြန်ရုပ်သိမ်းတာကို သေသေချာချာ မရှင်းပြထားဘူး။ တကယ်တော့ ကျနော်တို့က စည်းမျဉ်းစည်းကမ်းနဲ့အညီ လုပ်တာကို လိုင်စင်အသိမ်းခံရတာ။ ဘယ်စည်းကမ်းမှ ကျနော်တို့မဖောက်ခဲ့ဘူး။ လိုင်စင်တွေကို ပြန်ပြီး ရုပ်သိမ်းဖို့ ဒေါ်လာစျေးကို ထိန်းချင်လို့ အဲဒီလိုလုပ်တယ် လို့ထင်ပါတယ်” ဟု လိုင်စင်ရုပ်သိမ်းခံရသည့် Money Changer ပိုင်ရှင် စီးပွားရေးသမားတစ်ဦးက ဆိုသည်။

လက်ရှိတွင် အမေရိကန်ဒေါ်လာ အဝယ်အရောင်းနှင့်ပတ်သက်၍ လိုင်စင်ရ Money Changer ၊ ပုဂ္ဂလိကဘဏ်များတွင် အလုပ်မဖြစ်ကြောင်း၊ ပြင်ပစျေးကွက်ကိုသာ အဓိက မှီခိုအားထားနေရကြောင်း သိရှိရသည်။

“ဘဏ်တွေနဲ့ Money Changer တွေက ရည်ညွှန်းငွေလဲနှုန်း တစ်ဒေါ်လာ ၂၁၀၀ ပတ်ဝန်းကျင်မှာပဲ‌ စျေးပြထားကြတာ။ အဲဒီတော့ ဘယ်သူကမှ သူတို့ဆီ လာမရောင်းဘူး။ သူတို့ကလည်း ဘယ်သူ့ကိုမှ ပြန်ရောင်းတာမျိုး မရှိဘူး။ စက်သုံးဆီ၊ စားသုံးဆီနဲ့ အရေးကြီးတဲ့ သွင်းကုန်တွေအတွက် ဒေါ်လာအဝယ်အရောင်းကို ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်တွေ၊ လုပ်ငန်းရှင်တွေနဲ့ တိုက်ရိုက်လုပ်တယ်။ ပြောချင်တာက လိုင်စင်ရတွေဆိုတာ သူတို့အတွက် သူတို့စီးပွားရေးအတွက်ပဲ လုပ်နေကြတာ။ ပြည်သူတွေနဲ့ စီးပွားရေးသမားတွေက လိုအပ်တဲ့ဒေါ်လာကို ပြင်ပစျေးကွက်မှာ ရှာရတယ်” ဟု ရန်ကုန်မြို့၏ ဒေါ်လာလက်ကြီးဒိုင်တစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီက ဇွန်လမှစတင်၍ ဒေါ်လာဝယ်ရောင်းနှင့် လက်ကြီးသမားများကို ဖမ်းဆီးခြင်း၊ ခြေရာခံ စုံစမ်းခြင်းများ တိုးမြှင့်လုပ်ဆောင်လာကြောင်း၊ ဒေါ်လာနှင့်ရွှေကုန်သည် ၁၀၀ ကျော်ကို စစ်ကောင်စီ၏ အထူးစုံစမ်းစစ်ဆေးရေး ဌာနက ဒေါ်လာစျေးကစားသည်ဟုဆိုကာ ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

“အခု ပြင်ပစျေးကွက်က ကိုယ်သိတဲ့သူအချင်းချင်းပဲ အရောင်းအဝယ်လုပ်တာ။ အပြင်က အခြားပြည်သူတွေ တစ်စိမ်းတွေ ဝင်လာလို့မရဘူး။ လက်ရှိ အဖမ်းအဆီးတွေနဲ့ စစ်တပ်အုပ်ချုပ်တဲ့ပုံစံကြောင့် အဲဒီလို စျေးကွက်က ဖြစ်နေတာ။ ဒေါ်လာလိုချင်ရင် အဆင့်ဆင့်ချိတ်ဆက်ပြီးမှ ဝယ်လို့ရနိုင်တယ်။ အတော်ခက်ခဲသွားတယ်။ အဲဒီလိုဖြစ်အောင် စစ်တပ်က လုပ်ထားတာပါ” ဟု ရန်ကုန်စီးပွားရေးသမားတစ်ဦးက ဆိုသည်။

လတ်တလော အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၃၂၀၀ ကျပ်ဝန်းကျင်ရှိနေပြီး စစ်တပ်က ဒေါ်လာများ စီးထွက်မှုမရှိရေး ပုံစံအမျိုးမျိုးဖြင့် ထိန်းချုပ်ခြင်း၊ သွင်းကုန်များ ပိတ်ပင်ခြင်းများ ပြုလုပ်နေကြောင်း သိရှိသည်။

ဇူလိုင်လ ၁၃ ရက်နေ့တွင် စစ်ကောင်စီဗဟိုဘဏ်က ပြည်ပကို ပို့ကုန်တင်ပို့သူများအနေဖြင့် ဝင်ငွေ၏ ၅၀ ရာခိုင်နှုန်းကို မြန်မာကျပ်ငွေ လဲလှယ်ပြီး စစ်ကောင်စီထံ အပ်နှံရန် ၊ ယမန်နှစ် သတ်မှတ်ချက် ၆၅ ရာခိုင်နှုန်း မြန်မာကျပ်ငွေလဲလှယ်ရန် ညွှန်ကြားချက်ကို ပို့ကုန်ရငွေ၏ ၅၀ ရာခိုင်နှုန်းကို မြန်မာငွေအဖြစ် လဲလှယ်ရန် ပြင်ဆင်သတ်မှတ်ခဲ့ကြောင်း ၊ အဆိုပါ လုပ်ဆောင် ချက်သည် စစ်ကောင်စီတပ်ထံသို့ ဒေါ်လာများ ပြန်လည် စီးဝင်လာရေး လုပ်ဆောင်ချက်ဖြစ်ကြောင်း ရန်ကုန်စီးပွားရေးအသိုင်းအ၀ိုင်းက ပြောဆိုကြသည်။

ဓာတ်ပုံ- ရန်ကုန်မြို့ရှိ ငွေလဲစင်တာတစ်ခု။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article