ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်တပ်၏ ခုတ်ခွါးရှေ့တန်းစခန်း၊ ရဲစခန်း၊ ထွေအုပ်ရုံး၊ မြေစာရင်းရုံးနှင့် စစ်ကူလာသော စစ်ကြောင်းတို့ကို တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး
ရန်ကုန်၊ ဇူလိုင် ၁၇
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ခုတ်ခွါးရှေ့တန်းစခန်း၊ ရဲစခန်း၊ ထွေအုပ်ရုံး၊ မြေစာရင်းရုံးနှင့် စစ်ကူလာသော စစ်ကြောင်းတို့ကို တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇူလိုင်လ ၁၁ ရက်နေ့မှ စတင်၍ ၁၆ ရက်နေ့ထိ ကြာအင်းဆိပ်ကြီးမြို့နယ် ရဲစခန်း၊ ထွေအုပ်ရုံး၊ မြေစာရင်းရုံး တို့အပြင် အကြမ်းဖက် စစ်တပ်၏ ခမရ-၅၅၈ ဒုတပ်ရင်းမှူးဦးစီး စစ်ကြောင်း ၂ အခြေပြုနေထိုင်သည့် ခုတ်ခွါးစစ်စခန်းနှင့် ယင်းစခန်းကို စစ်ကူလာသော အကြမ်းဖက် စစ်တပ်၏ ခမရ-၅၅၈ တပ်ရင်းမှူး ဦးစီးသော စစ်ကြောင်း ၁ ၊ ခမရ-၄၃၂ တပ်ရင်း စစ်ကြောင်း ၂ တို့ကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းများ၊ လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံဖြင့် တိုက်ခိုက်ခဲ့ပြီး စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။
တိုက်ခိုက်မှုကြောင့် ခုတ်ခွားစစ်စခန်းအပါအဝင် ကြာအင်းဆိပ်ကြီးမြို့ရှိ မြို့နယ်ရဲစခန်း၊ ထွေအုပ်ရုံး၊ မြေစာရင်းရုံးတို့ ကြေမွ ပျက်ဆီးခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှလည်း တိုက်လေယာဥ်ဖြင့် ဗုံးကျဲခြင်း၊ လက်နက်ကြီး ၁၂၀ မမ၊ ၈၁ မမ၊ ၆၀ မမများဖြင့် နေရာအနှံ့ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။
“သူတို့ အဓိက စစ်သား ၅ ဦးသေဆုံးတာကတော့ ခုတ်ခွားစခန်းနဲ့ မနီးမဝေးပေါ့ အဲဒီမှာ မက်ကတောရွာရှိတယ်။ အဲမက်ကတောရွာနားမှာပဲ ကျွန်တော်တို့ တိုက်ပွဲဖြစ်တာပေါ့။ မနက်ပိုင်း တစ်ကြိမ် ၂ နာရီလောက်မှာ အပြင်းအထန်ဖြစ်တယ်။ ဖြစ်ပြီးတော့ မွန်းလွဲပိုင်းမှာ သူတို့ ရဟတ်ယာဥ်နဲ့လာပြီးတော့ စက်သေနတ် ပစ်တယ်။ ရွာထဲကို ထိခိုက်မှု ရှိမရှိတော့ မသိရဘူး။ နောက် ညနေပိုင်း တစ်ချိန်မှာ အပြင်းအထန် ထပ်ပြီးတော့ ထိတွေ့မှုဖြစ်တယ်။ အဲမှာ စစ်သား ၅ ဦးသေတယ်။ သေတဲ့ စစ်သား ၅ ဦးအလောင်းကိုလည်း မက်ကတောရွာနားမှာ မြုပ်ခဲ့တယ်။ အဲလိုမြုပ်ပြီးတော့ ရွာသား ၁ ဦးကို ဖမ်းပြီးခေါ်သွားတယ်။ အခုချိန်ထိ ပြန်မလွှတ်သေးဘူး။ အဲစစ်ကြောင်းက ကျေးရွာသားကို လမ်းပြခိုင်းပြီးတော့ ကျွန်တော်တို့ မထင်မှတ်တဲ့လမ်းကနေ ပြန်ဆုတ်သွားတယ်။ အဲတာကြောင့် အပြီးတိုင် ချေမှုန်းနိုင်ခြင်းမရှိဘူး” ဟု အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့-S.O.F ၊ Cloud Wings ဒရုန်းတပ်ဖွဲ့နှင့် Federal Wings ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။