ဖြူးမြို့နယ်တွင် စစ်ဆေးရေး လုပ်ဆောင်နေသော စစ်သားများကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်မှု အရာရှိ ၁ ဦးအပါအဝင် ၂ ဦးသေဆုံး
ရန်ကုန်၊ ဇူလိုင် ၁၉
ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဘုရားလဟာရွာအနီးရှိ စစ်ဆေးရေး လုပ်ဆောင်နေသော စစ်သားများကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ရာ အရာရှိ ၁ ဦးအပါအဝင် ၂ ဦးသေဆုံးခဲ့ကြောင်း ဖြူးမြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇူလိုင်လ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်တွင် ဖြူးမြို့နယ်၊ ဘုရားလဟာရွာ အနီး စစ်ဆေးရေး လုပ်ဆောင်နေသော စစ်သားများကို ကာကွယ်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ အရာရှိ တစ်ဦးနှင့် တပ်ကြပ်ကြီး ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
“စစ်ခွေးတွေက ရွာထဲမှာ တပ်စွဲထားပြီး ပြည်သူတွေကို စစ်ဆေးရေး လုပ်ဆောင်နေတုန်း ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်။ ဒရုန်းနဲ့ ဗုံးသီးချပြီးတဲ့နောက်မှာ စစ်ခွေးတွေက ပြည်သူပိုင် နေအိမ်တွေကို သေနတ်နဲ့ လိုက်ပစ်သွားတယ်တဲ့ ပြည်သူတွေကိုလည်း အပြင်ထွက်ရင် ပစ်သတ်မယ်လို့ ပြောသွားတယ်။ ၆၀ မမ ၁ လုံးပေါ့ ပစ်ချလိုက်တာ စစ်ခွေးတွေကလည်း ဒရုန်းနဲ့ ဗုံးသီးချတဲ့ နေရာနားကို လက်နက်ကြီး ၅ လုံးလောက်ပြန်ပစ်တယ်။ ကျွန်တော်တို့ဘက်က ထိခိုက်မှု မရှိဘူး။ စစ်ခွေးတွေဘက်ကတော့ အရာရှိ ၁ ကောင် တပ်ကြပ် ၁ ကောင်သေတယ်” ဖြူးမြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ဖြူးမြို့နယ် ပကဖ Golden Brothers ပြောက်ကျားတပ်ဖွဲ့နှင့် White Peacock ဒရုန်းတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း၊ တိုက်ပွဲအရှိန်များ ဆက်လက် မြှင့်တင်မည် ဖြစ်သောကြောင့် ပြည်သူများ အနေဖြင့် စစ်သား၊ ရဲ များရှိရာ အနီးအနားကို သွားလာခြင်း မပြုလုပ်ရန် ဖြူးမြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။