ပေါက်မြို့နယ်၊ တပ်ကုန်း ပျူစောထီးကျေးရွာကို ဝင်ရောက် တိုက်ခိုက်မှု ၂ ဦးသေဆုံး၊ သရက်ချောင်းမြို့နယ်ရှိ ရငဲရွာတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲ၌ စစ်သား ၂ ဦး သေဆုံး
ရန်ကုန်၊ ဇူလိုင် ၂၀
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ တပ်ကုန်း ပျူစောထီးရွာကို အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၂ ဦးသေဆုံးခဲ့ကြောင်း ချောက်မြို့နယ်ပြောက်ကျားတပ်ဖွဲ့ CGF တာဝန်ခံ ဗိုလ်ဘကွန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဇူလိုင်လ ၁၉ ရက် နံနက် ၆ နာရီခန့်က ပခုက္ကူမြို့ရှိ တပ်မ ၁၀၁ မှ လက်အောက်ခံစစ်သား များနှင့် ဒေသခံပျူစောထီးများပူးပေါင်းက အင်အား ၃၀ ကျော်ခန့်ဖြင့် အထိုင်ချတပ်စွဲထားသော တပ်ကုန်းပျူစောထီးကျေးရွာကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ပွဲဖြစ်ခဲ့ပြီး ပျူ စောထီး ၂ ဦးသေဆုံးကာ ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“စခန်းသိမ်းဖို့အထိရည်ရွယ်တိုက်ခဲ့တာ၊ ဘန်ကာတွေဖြိုပြီးပြီ၊ လေယာဉ်ပစ်ကူမလာရင် သိမ်းနိုင်ခဲ့တယ်၊ Mi 35 နဲ့လာပစ်တာ၊ ပြည်သူတွေထိခိုက်တာ မရှိပါဘူး၊ လေယာဉ်နဲ့ ပစ်တာက ပျူစောထီးတွေပေါ်ကို မှားပစ်သွားတယ်လို့တော့ကြားတယ်၊ တိတိကျကျတော့ မသိရဘူး၊ အနီးမှာရှိတဲ့ ရွာသစ်ပျူရွာကလည်း ၁၈ ယောက်လာသေးတယ်တော့ကြားတယ်၊ လက်နက်တွေ၊ ဘာတွေတော့မရခဲ့ဘူးဗျ” ဟု ချောက်မြို့ နယ် ပြောက်ကျားတပ်ဖွဲ့(CGF) တာဝန်ခံ ဗိုလ်ဘကွန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။
အဆိုပါတိုက်ခိုက်မှုကို ပခုက္ကူခရိုင် တပ်ရင်း ၁၂ ၊ YRF ၊ မြိုင်ပကဖ ၊ ပေါက်တောင်ပိုင်း ပကဖ ဗိုလ်ကျီး ကန်း ၊ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – PPDF ၊ ချောက်ပကဖ ၊ ပခုက္ကူခရိုင် တပ်ရင်း ၁၈ နှင့် ပခုက္ကူ ပကဖ တပ်ခွဲ ၁ တို့ ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ် ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ရငဲရွာရှိ ရာဘာခြံတစ်ခုအနီး ဇူလိုင်လ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီကျော်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ရငဲရွာ၌ တပ်စွဲထားသော စစ်သားများ စစ်ကြောင်း ထိုးချီတက်လာစဥ် ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး မိနစ် ၃၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တိုက်ပွဲအတွင်း စစ်သား ၂ ဦးသေဆုံးကာ ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့ ၊ ဝါးရိပ်ခွန်အားအဖွဲ့ ၊ ကစယ်ဒိုဖယ်ဒရယ်စစ်ကြောင်း ၊ ဂဋ္ဌုန်မင်းတပ်ဖွဲ့ ၊ ကျားရိုင်းတပ်ဖွဲ့ စသည့် အဖွဲ့ ၅ ခုက ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။