မတ္တရာမြို့နယ်၊ ညောင်အုပ်ရွာမှ တံငါ လုပ်ကိုင်သူ ၁ ဦးကို စစ်တပ်က ပစ်သတ်ပြီး ပြည်သူ ၂၀ ကျော်ကို ဖမ်းဆီးထား
ရန်ကုန်၊ ဇူလိုင် ၂၅
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ညောင်အုပ်ရွာမှ တံငါ လုပ်ကိုင်သူ ၁ ဦးကို စစ်တပ်က ပစ်သတ်ပြီး ပြည်သူ ၂၀ ကျော်ကို ဖမ်းဆီးထားကြောင်း Wetlet Information Network မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇူလိုင်လ ၂၄ ရက်နေ့က မတ္တရာမြို့နယ်၊ ညောင်အုပ်ရွာသို့ ရောက်ရှိနေသည့် အကြမ်းဖက် စစ်တပ်က ကျေးရွာ အနောက်ဘက်သို့ ထွက်လာပြီး အင်းထဲရှိ တံငါ လုပ်ကိုင်နေသည့် သား အဖ နှစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ရာ အသက် ၅၀ ကျော်အရွယ် ဦးသန်းလင်းမှာ သေဆုံးခဲ့ပြီး အသက် ၁၅ နှစ်အရွယ် မအိဇာလင်းမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“သေဆုံးသူ ဦးသန်းလင်း အသက် ၅၀ ကျော်။ လက်မောင်းကျည်ထိမှန်က မအိဇာလင်း အသက် ၁၅ နှစ်ပါ။ မအိမ်ဇာလင်းက ဆေးကုသနေတယ် ။ အဆင်ပြေတယ်” ဟု Wetlet Information Network မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။
အကြမ်းဖက် စစ်တပ်က လက်ရှိချိန်ထိ ညောင်အုပ်ရွာ၌ တပ်စွဲထားပြီး ဒေသပြည်သူ ၂၀ ဦးကျော်ကိုလည်း ညောင်အုပ်ဘုန်းကြီး ကျောင်းထဲ၌ ဖမ်းဆီးထားကြောင်း Wetlet Information Network မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။