သထုံမြို့နယ်တွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး လူသား ဒိုင်းအဖြစ် ပြည်သူများကို စစ်ကောင်စီတပ်က ဆက်တိုက် ဖမ်းဆီးနေ၊ စစ်တပ်၏ စစ်ကြောင်းထိုးမှုကြောင့် ပြည်သူ ၁၀၀၀ ကျော် ထွက်ပြေးနေရ
ရန်ကုန်၊ ဇူလိုင် ၂၈
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ပြီး လူသားဒိုင်းအဖြစ် ပြည်သူများကို စစ်တပ်က ဆက်တိုက် ဖမ်းဆီးနေကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက တရားဝင် သတင်းထုတ်ပြန်သည်။
ဇူလိုင်လ ၂၇ ရက်နေ့ နံနက် ၄ နာရီမှ နံနက် ၈ နာရီအကြား စစ်ကောင်စီ၏ ဝီယော်စခန်းမှ တပ်များနှင့် KNLA တပ်များအကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ယင်းနောက် စစ်ကောင်စီ အမှတ် ၉ စခန်းက ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ရာ အရပ်သား ၁ ဦး သေဆုံးကာ ၄ ဦး လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။
စစ်ကောင်စီတပ်၏ အမှတ် ၉ စခန်းက လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးသူမှာ ထုံးဘိုလေးကျေးရွာမှ အသက် ၁၈ နှစ် အရွယ် စောအဲ့ကော့ရှီး ဖြစ်ပြီး စောဆာထူး၊ ထို့ကော်ကျိုးကျေးရွာမှ စောဖိုးကျော် ၊ စောပလေးဒေး ၊ နော်အဲ့စိုး အသက် ၁၃ နှစ်တို့ ဒဏ်ရာရရှိကြောင်း သိရှိရသည်။
“မနက် ၄ နာရီလောက်က တော်လှန်ရေးတပ်ဖွဲ့နဲ့ ဝီယော်စခန်းတို့ ပစ်ခတ်မှုဖြစ်ကြတယ်။ ပြီးတော့ စစ်ကောင်စီအမှတ် ၉ စခန်းကနေ မနက် ၈ နာရီနဲ့ မနက် ၉ နာရီကြားမှာ လက်နက်ကြီး အားလုံးပေါင်း ၄၁ လုံးရွာတွေထဲကို ပြန်ပစ် တာကြောင့် ရွာသား ၄ ယောက် ဒဏ်ရာရပြီး တစ်ဦး သေတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထို့ပြင် ဇူလိုင်လ ၂၅ ရက်နေ့မှစတင်ကာ သထုံမြို့နယ်အတွင်း စစ်တပ်က စစ်ကြောင်းထိုးလာပြီး အရပ်သားပြည်သူများကို လူသားဒိုင်းကာ အဖြစ် ဖမ်းဆီး ခေါ်ဆောင်ခြင်း၊ လက်နက်ကြီးများဖြင့် ကျေးရွာအတွင်း သို့ပစ်ခတ် ခြင်းစသည့် စစ်ရာဇဝတ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကျူးလွန် လျက်ရှိကြောင်း၊ ပြည်သူများ သေဆုံးမှုများ၊ ဖမ်းဆီးခံရမှုများနှင့် အိုးအိမ် စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရသူများရှိနေကြောင်း သိရှိရသည်။
စစ်ကောင်စီ၏ တပ်မ ၄၄ လက်အောက်ခံတပ်များက ဇူလိုင် ၂၅ ရက်နေ့ တွင် သထုံမြို့နယ်၊ ရွှေရောင်ပြကျေးရွာအုပ်စုဘက်သို့ စစ်ကြောင်းထိုးလာပြီး မရမ်းကုန်းရွာနေ ဦးဝါဆိုကို လူသားဒိုင်းကာအဖြစ်ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း ၊ ဇူလိုင်လ ၂၆ ရက်နေ့ ည ၇ နာရီခွဲဝန်းကျင်တွင် ချောင်းဇောက် ရွာသား စောမြလောင်းကို လူသားဒိုင်းကာအဖြစ်ထပ်မံ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကာ ဦးဝါဆိုကိုမူ ပြန်လွှတ်ပေးခဲ့ကြောင်း၊ ထပ်မံဖမ်းဆီးခံရသော စောမြ လောင်းမှာယခုအချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေး ကြောင်း သိရှိရသည်။
စစ်တပ်က စစ်ကြောင်းထိုးလာသဖြင့် ဇူလိုင်လ ၂၅ ရက်နေ့ မိချောင်းအိုင်ရွာရှိ အိမ်ထောင်စု ၂၀ ကျော်မှ လူဦးရေ ၁၀၀ နီးပါး၊ ခလောက်အင်း ကျေးရွာမှ အိမ်ထောင်စု ၁၀၇ စု စုစုပေါင်းလူဦးရေ ၅၅၆ ဦး နှင့် မရမ်းကုန်းကျေးရွာရှိ အိမ်ထောင်စု ၇၃ စုမှ လူဦးရေ စုစုပေါင်း ၄၁၀ ဦးတို့မှာ နေအိမ်များကိုစွန့်ခွာပြီး အသက်ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။