သပိတ်ကျင်းတွင် စစ်သင်္ဘောအုပ်စုကို လုံခြုံရေးပေးရန် လာသည့် ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး
ရန်ကုန်၊ ဇူလိုင် ၂၉
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ စစ်သင်္ဘောအုပ်စုကို လုံခြုံရေးပေးရန် လာသည့် ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၃ ဦး ထက်မနည်းသေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့-ကြာညှပ် မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇူလိုင်လ ၂၉ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် မန္တလေးမြို့မှ တက်လာသည့် အကြမ်းဖက် စစ်တပ်၏ စစ်သင်္ဘော ၉ စီးပါ ရေယာဥ်အုပ်စုကို လုံခြုံရေးယူရန် ထွက်လာသည့် ကား ၄ စီးကို ရေအိုးစင်ရွာနှင့် ရှားတောရွာအနီးတွင် မိုင်း ၄ လုံးဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။
“စောင့်ကြိုမိုင်းဆွဲ တိုက်ခိုက်ခဲ့တာပါ။ အသေပျောက်များနိုင်တယ်။ ၃ ဦးထက်မနည်း သေဆုံးနိုင်တယ်။ ကား ၁ စီးလည်း ပျက်စီးသွားတယ်။ စစ်ခွေး သင်္ဘော အုပ်စုက မန္တလေးကလာတာ အထက် ကချင်ပြည်ဘက်ကို ရိက္ခာ လူ ထောက်ပို့ သင်္ဘောတွေပါ” ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့-ကြာညှပ် မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။