27 C
Yangon

ယုဇနပလာဇာရှိ ဈေးဆိုင်ခန်းများကို လေလံစနစ်ဖြင့် စျေးနှုန်း အများဆုံး ပေးနိုင်သူအား ငှားရမ်းမည် ဖြစ်သောကြောင့် စျေးသူစျေးသားများ အခက်တွေ့နေ

Must read

ယုဇနပလာဇာရှိ ဈေးဆိုင်ခန်းများကို လေလံစနစ်ဖြင့် စျေးနှုန်း အများဆုံး ပေးနိုင်သူအား ငှားရမ်းမည် ဖြစ်သောကြောင့် စျေးသူစျေးသားများ အခက်တွေ့နေ

ရန်ကုန်၊ ဇူလိုင် ၂၉

ယုဇနပလာဇာရှိ စျေးဆိုင်ခန်းများကို လေလံစနစ်ဖြင့် စျေးနှုန်း အများဆုံး ပေးနိုင်သူအား ငှားရမ်းမည် ဖြစ်သောကြောင့် စျေးသူစျေးသားများ အခက်တွေ့နေကြောင်း ယုဇနပလာဇာတွင် ဈေးဆိုင်ငှားရမ်းဖွင့်လှစ်ထားသူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၂၇ ရက်နေ့တွင် စျေးအစည်းအဝေးပွဲ၌ အဆိုပါ လေလံစနစ်သည် ဆိုင်ခန်း ငှားရမ်းထားသူများအတွက် အကျပ်အတည်းများ ဖြစ်ပွားစေသည့်အတွက် ယုဇနပလာဇာပိုင်ရှင် ဦးဌေးမြင့်နှင့် ညှိနှိုင်းရန် ကြိုးပမ်းခဲ့ရာတွင် ညှိနှိုင်းမှုကို လက်မခံဘဲ ဦးဌေးမြင့်က အကြမ်းဖက်စစ်သားများ ခြံရံ အားကိုး၍ ၎င်းပိုင်သောဈေး ၎င်းသဘောထားသာ ဖြစ်၍ အဆင်မပြေသည့် ဆိုင်များ ထွက်သွားနိုင်ကြောင်း ရင့်သီးစွာ ပြောဆိုခဲ့​ကြောင်း သိရသည်။

” အစည်းအဝေးပွဲမှာ စျေးသူစျေးသားတွေ တက်ရောက်ပြီး အခက်အခဲကိစ္စတွေကို တင်ပြတာကို နားမထောင်ဘဲ သူဖြစ်ချင်တဲ့ ဆန္ဒတွေကို စကစ လက်နက်ကိုင်တွေ ခြံရံပြီး ရင့်သီးစွာ ပြောဆိုခဲ့တယ်။ အဆင်မပြေကြောင်းထ‌ပြောတဲ့ ဆိုင်ရှင်တွေကို သူပိုင်တဲ့ဈေး သူ့သဘောအတိုင်းစီမံမယ် အဆင်မပြေတဲ့ဆိုင် ထွက်သွားနိုင်သည်ဆိုပြီး ယခင်က ဆယ်စုနှစ် နှစ်ခုစာ လက်တွဲ လုပ်ကိုင်ခဲ့ကြတဲ့ သက်တမ်းရင့်နာမည်ကြီး ဆိုင်ရှင်များကိုလည်း မချေမငံ ပြောဆိုလွှတ်တယ်” ဟု စျေးသူစျေးသား တစ်ဦးက​ပြောဆိုသည်။

ယုဇနပလာဇာရှိ ဈေးဆိုင်ခန်းများသည် ငှားရမ်းသည့် နေရာအလိုက် ဈေးများစွာ ကွာခြားပြီး ၆ လ တစ်ခါ ငှားရမ်းခ စာချုပ်ချုပ်ဆိုရကြောင်း၊ ထို့ပြင် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ယခင်ထက် ၄၅ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းအထိ ဆိုင်ခန်းခများကို တိုးမြှင့်ကောက်ခံခဲ့ကြောင်း၊ လက်ရှိအချိန်တွင် ယုဇနပလာဇာရှိ အထပ်တိုင်းတွင် ကင်းပုန်းများ ချ၍ ဈေးဆိုင်ခန်းဖွင့်လှစ်ထားသူများ၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေကြောင်း ယုဇနပလာဇာတွင် ဈေးဆိုင်ငှားရမ်းဖွင့်လှစ်ထားသူများထံမှ သိရှိရသည်။

ထို့ပြင် ယုဇနပလာဇာတွင် ဖုန်း Service လုပ်ငန်းများ လုပ်ကိုင်မှုကိုလည်း ခွင့်မပြုဘဲ ချက်ချင်း ရပ်ဆိုင်းမှုလည်း လုပ်ဆောင်ခဲ့ကြောင်း၊ အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ဖုန်း Service လုပ်ဆောင်နေသူများက သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးရုံးခန်းသို့ သွားရောက် ညှိနှိုင်းခြင်း၊ အသနားခံစာ တင်ခြင်းများ လုပ်ဆောင်ခဲ့သော်လည်း မည်သို့မျှ တုံ့ပြန်မှု မရှိသည့်အတွက် အဆိုပါ လုပ်ငန်းလုပ်ကိုင်သူများမှာ အခက်အခဲများ ကြုံတွေ့နေရဆဲ ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article