စစ်ကောင်စီတပ်မှ ဗိုလ်ကြီး ခိုင်မင်းသူနှင့် ဗိုလ်ကြီး ကျော်ကျော်နိုင်တို့ တော်လှန်ရေးတပ်ဖွဲ့များ၏ လက်ချက်ဖြင့် တိုက်ပွဲများတွင် သေဆုံး
ရန်ကုန်၊ ဩဂုတ် ၁
အကြမ်းဖက်စစ်ကောင်စီတပ်မှ ဗိုလ်ကြီး ခိုင်မင်းသူနှင့် ဗိုလ်ကြီး ကျော် ကျော်နိုင် တို့သည် တိုင်းရင်းသား တော် လှန်ရေး တပ်ဖွဲ့များ၏ လက်ချက်ဖြင့် သေဆုံးခဲ့ကြောင်း သိရှိရသည်။
တပ်မ ၈၈ လက်အောက်ခံ ခမရ ၃၀၁ မှ ဗိုလ်ကြီး ခိုင်မင်းသူသည် ဇူလိုင်လ ၂၄ ရက်နေ့ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် တိုက်ပွဲ တွင် တော်လှန် ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။
ဇူလိုင်လ ၂၄ ရက်နေ့၊ နံနက် ၈ နာရီ ၂၇ မိနစ်မှ နံနက် ၈ နာရီ ၅၂ မိနစ် အချိန် အထိ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ မောချောင်းနှင့် လှိုင်ဒုတ် အကြား စစ်ကောင်စီ တပ်မ ၈၈ ၊ ခလရ ၃၀၄ ပူးပေါင်းအင်အား ၁၀၀ ခန့် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ပူးပေါင်းတပ်များက ၀ိုင်းဝန်းတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံးခဲ့ကြောင်း၊ ထို့အတူ ဇူလိုင်လ ၂၄ ရက်နေ့ ညနေ ၅ နာရီအချိန် စစ်ကောင်စီတပ်၏ တပ်မ ၈၈ လက် အောက်ခံ ခမရ ၃၀၁ ၊ ၃၁၇ ပူးပေါင်းတပ်အင်အား ၁၅၀ ခန့်ပါ စစ် ကြောင်းကို လဲပုံးလမ်းခွဲ အနီး PDF မဟာမိတ်ပူးပေါင်းတပ်များက ထပ်မံ စောင့်ကြို ပစ်ခတ်ခဲ့ရာ စစ်တပ်ဘက်မှ စစ်သား ၁၀ ဦး ထပ်မံသေဆုံးခဲ့ကြောင်း၊ ယင်းတိုက်ပွဲများတွင် တပ်မ ၈၈ လက်အောက်ခံ ခမရ ၃၀၁ မှ ဗိုလ်ကြီး ခိုင်မင်းသူ သေဆုံးခဲ့ကြောင်း သိရှိရသည်။
“ဇူလိုင်လ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီမှာ တပ်မ ၈၈ ၊ ခမရ ၃၀၁ မှ ဗိုလ်ကြီး ခိုင်မင်းသူကို သဂြိုလ်ခဲ့ကြောင်း” သိရှိရသည်။
အလားတူ ဗိုလ်ကြီး ကျော်ကျော်နိုင်သည် ကရင်နီပြည်နယ်၊ လွိုင်ကော်-မိုးဗြဲ လမ်းပိုင်းတွင် ၂ ရက်ဆက် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်သား ၂၀ ဦးသေဆုံးခဲ့ရာတွင် ပါဝင်သွားခဲ့ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ထံမှ သိရသည်။
ဇူလိုင်လ ၂၄ ရက်နေ့နှင့် ၂၅ ရက်နေ့တွင် လွိုင်ကော်မြို့အထွက် မော်ချီးစုစည်း ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်နှင့် မိုးဗြဲ ဘက်မှ စစ်ယာဥ်တန်းကားများဖြင့် လွိုင်ကော်ဘက်ကို ဝင်ရောက်လာသည့် အကြမ်းဖက် စစ်သားများကို KA၊ KNDF B/02 ၊ KNDF B/14 ၊ KNDF B/12 ၊ KNF ETD နှင့် Loikaw PDF တို့ ပူးပေါင်းကာ စစ်ကြောင်းများခွဲ၍ တိုက်ခိုက်ခဲ့ ကြောင်း၊ အဆိုပါ ၂ ရက်တာ တိုက်ပွဲအတွင်း စစ်သား ၂၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး MA-1 ၅ လက် ၊ MA-2 စက်ကလေး ၁ လက် ၊ MA-3 ၂ လက် အပါအဝင် ဆက်စပ် ခဲယမ်း မီးကျောက်များနှင့် အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်း ရရှိကာ စစ်သုံးကား ၁ စီးကိုလည်း ဖျက်ဆီး နိုင်ခဲ့ကြောင်း၊ သေဆုံးသူ များတွင် ဗိုလ်ကြီးကျော်ကျော်နိုင်ပါဝင် ကြောင်း KNDF ၏ တရားဝင် သတင်းထုတ်ပြန်ချက် အရ သိရှိရသည်။