26 C
Yangon

ရွှေပြည်သာနှင့် အင်းစိန်မြို့နယ်တို့တွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနရုံး အရာရှိများက အလုပ်ရှင်ထံမှ ငွေကြေးအကျိုးအမြတ်ယူကာ အလုပ်သမားများ၏ တိုင်ကြားစာများကို ဖြေရှင်းမပေးဘဲ အချိန်ဆွဲနေ

Must read

ရန်ကုန်၊ မေ ၂၇

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်နှင့် အင်းစိန်မြို့နယ်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန (အလည) မှ အရာရှိများက အလုပ်ရှင်များထံမှ ငွေကြေးအကျိုးအမြတ်ရယူကာ အလုပ်သမားများ၏ တိုင်ကြားစာများကို ပြေလည်အောင် ဖြေရှင်းပေးခြင်းမရှိဘဲ လျစ်လျူရှုအချိန်ဆွဲနေကြကြောင်း သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်-မြန်မာ (STUM) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ရွှေပြည်သာမြို့နယ်နှင့် အင်းစိန်မြို့နယ်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန (အလည) ရုံးမှ အရာရှိများသည် အလုပ်ရှင်များထံမှ ငွေကြေးအကျိုးအမြတ်ရယူကာ အလုပ်သမားများ၏ တိုင်ကြားစာများကို ပြေလည်အောင် ဖြေရှင်းပေးခြင်းမရှိသဖြင့် အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရသည့် အလုပ်သမားများမှာ နစ်နာကြေးမရရှိဘဲ ရထိုက်သည့်အခွင့်အရေးများပါ ဆုံးရှုံးနစ်နာမှုများ ကြုံတွေ့နေရကြောင်း သိရသည်။

ထို့ပြင် တည်ဆဲဥပဒေတိုင်းတွင် တိကျသော ပြဋ္ဌာန်းချက်များနှင့် ဥပဒေချိုးဖောက်ပါက အရေးယူရမည့် ပြစ်ဒဏ်များကို တိကျစွာ သတ်မှတ်ထားရှိသော်လည်း ထိုအလုပ်သမားညွှန်ကြားရေးဦးစီးဌာန (အလည) ရုံးမှ အရာရှိများသည် “နေပြည်တော်ကို တင်ပြလိုက်မည်” ဟူသော စကားကို အမြဲတမ်း အကြောင်းပြလျက်ရှိကြောင်း၊ ပြဿနာများကို ပြေလည်အောင်မဖြေရှင်းဘဲ အချိန်ဆွဲခြင်း၊ အမှုများကိုကြန့်ကြာအောင် ပြုလုပ်ခြင်းတို့ဖြင့် အလုပ်သမားများ စိတ်ဓာတ်ကျကာ ရုံးသို့ဆက်မလာချင်တော့ဘဲ လက်လျှော့သွားစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေကြကြောင်း သိရှိရသည်။

ထိုလုပ်ရပ်သည် အလွန်သိက္ခာမဲ့ပြီး အရှက်ရဖွယ် လုပ်ရပ်တစ်ခုဖြစ်ပြီး ထိုသို့ အဂတိလိုက်စားပြီး တာဝန်ပျက်ကွက်နေသည့် အကျင့်ဆိုးများကို ယခု ရက် (၁၀၀) အတွင်း အရေးတကြီး ပြုပြင်ပြောင်းလဲရမည့် အဓိကအချက်ဖြစ်ကြောင်း သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်-မြန်မာ (STUM) မှ ပြင်းပြင်းထန်ထန် ထောက်ပြ‌ဝေဖန်ထားသည်။

“အမှုတိုင်ရင် ရက်ချိန်းအဝေးကြီးချိန်းထားတော့ အလုပ်သမားက မစောင့်နိုင် နောက်အလုပ်တစ်ခု ရောက်သွားတော့ အမှုရှင်းဖို့ခေါ်တဲ့အချိန် မလာနိုင်တော့ဘူး။ နောက်တစ်မျိုးက ဘာအမှုဖြစ်ဖြစ် ပြေလည်အောင်မရှင်းတော့ဘဲ နေပြည်တော်ကိုပဲ တင်တော့တာ။ အလုပ်သမားတွေက ဘာနစ်နာကြေးမှ မရတာတွေ ဖြစ်သွားတယ်။ ရသင့်ရထိုက်တဲ့အခွင့်အရေးတွေ ဆုံးရှုံးနစ်နာမှုတွေ ကြုံရတယ်။ ဘယ်စက်ရုံတွေက တိုင်ကြားစာတွေလဲဆိုတော့ အခုလုပ်ထားတဲ့ Bontech၊ နေရွှေဝင်း၊ COSTEC စက်ရုံတွေကပါ။ အလည ရုံးတွေမှာ အချိန်ဆွဲခံထားရတဲ့ အလုပ်သမားတိုင်ကြားစာနဲ့ အလုပ်သမားဦးရေ ဘယ်လောက်ဆိုတာ ထုတ်ပြန်ဖို့ ပြင်ဆင်နေပါတယ်။ လက်ရှိအချိန်တွေမှာ တခြားစက်ရုံတွေမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေ တိုင်ကြားတာမျိုးတွေကိုလည်း အဲဒီရွှေပြည်သာနဲ့ အင်းစိန်မြို့နယ်က အလည ရုံးက အရာရှိတွေက အလုပ်ရှင်တွေနဲ့ ပေါင်းပြီး မသိချင်ယောင်ဆောင်ပေးတာမျိုးတွေ လုပ်နေပါတယ်။ ကျွန်တော်တို့ကတော့ public သိအောင် ထုတ်ဖော်ပြောဆိုတာ Brand တွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေ သိရအောင်လည်း ထုတ်ပြန်ပေးပါမယ်” ဟု သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်-မြန်မာ (STUM) မှ တာဝန်ရှိသူက ပြောဆိုသည်။

လက်ရှိအချိန်တွင် နေရွှေဝင်း၊ Bontech နှင့် COSTEC စသည့် စက်ရုံများအပါအဝင် အခြားစက်ရုံများ၌ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများ တိုင်ကြားထားသော တိုင်ကြားစာများကို ရွှေပြည်သာမြို့နယ်နှင့် အင်းစိန်မြို့နယ်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန (အလည) မှ အရာရှိများက အလုပ်ရှင်များနှင့် ပူးပေါင်းကာ အချိန်ဆွဲလျစ်လျူရှုပေးထားကြခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – ရွှေပြည်သာမြို့နယ်ရှိ Sun Rise (Myanmar) Fashion အထည်ချုပ်စက်ရုံတွင် လုပ်ခလစာတိုးမြှင့်ရေး တောင်းဆိုနေသည့် အလုပ်သမားများ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article