မန္တလေးမြို့ နန်းတွင်းတပ်နှင့် အမရပူရမြို့ရှိ ထောက်လှမ်းရေး ၁၆ ရုံးအတွင်းကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်
ရန်ကုန်၊ ဩဂုတ် ၁
မန္တလေးမြို့၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိ နန်းတွင်းတပ်နှင့် အမရပူရမြို့ ပင်မအလုပ်ရုံ (လျှပ်/စက်) ထဲရှိ ထောက်လှမ်းရေး ၁၆ ရုံးအတွင်းကို ၈၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း No More Dictatorship People Defence Force တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ပြောကြားသည်။
ယနေ့ ဩဂုတ်လ ၁ ရက် နံနက် ၄ နာရီခွဲခန့်က မန္တလေးမြို့၊ ၆၆ လမ်းနှင့် ၁၄ လမ်းထောင့်ရှိ အကြမ်း ဖက်စစ်ကောင်စီ၏ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိရာ မန္တလေးနန်းတွင်းသို့ လက်လုပ် ၈၀ မမဖြင့် ၁ လုံး၊ အလားတူ အမရပူရာမြို့ကွက်သစ် သံလမ်းအနီးရှိ ပလစ ထောက်လှမ်းရေး ၁၆ အတွင်းသို့ လက်လုပ် ၈၀ မမ တစ်လုံးပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုတွင် ပစ္စည်း error ကြောင့် တစ်လုံးစီသာ ပစ်ခတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“လက်လုပ်နဲ့ဆိုတော့ လက်နက်ခဲယမ်းက အခက်အခဲရှိတာ၊ ရဲဘော်တွေရဲ့ လုံခြုံရေးကြောင့် ၈၀ မမ ပြောင်းတွေပြန်မယူနိုင်ခဲ့ဘူး၊ ဒီထက်ပိုမိုကောင်းမွန်တဲ့ မစ်ရှင်တွေကို တိုက်ခိုက်သွားမှာပါ၊ မိဘပြည်သူ တွေအနေနဲ့ လိုအပ်နေတဲ့ လက်နက်ခဲယမ်းနဲ့ အခုထက်ပိုမိုပူးပေါင်းကြဖို့ တိုက်တွန်းချင်ပါတယ်၊ အခု တိုက်ခိုက်ခဲ့တာကလည်း ဖမ်းဆီးခံရဲဘော်တွေအတွက် ဘယ်လောက်အထိလုပ်နေတယ်ဆိုတာ ပြသတဲ့ သဘောပါ၊ စစ်ရေးအရ ခြိမ်းခြောက်မှုတစ်ခုပေါ့” ဟု No More Dictatorship People Defence Force တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို မန္တလးမြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်သည့် No More Dictatorship People Defence Force ရဲဘော်များမှလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးမြို့ပြပြောက်ကျား ရဲဘော် များအထိအခိုက်မရှိ ဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့ကြောင်း၊ မိဘပြည်သူများအနေဖြင့် မစ်ရှင်လုပ်ဆောင်ခဲ့ သည့်နေရာအား သတိထားရှောင်ရှားသွားလာကြရန် သတိပေးထားသည်။
